သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ KANDE သောက်ရေသန့်တို့ ပူးပေါင်းပြီးတော့ သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ ကျိုက်ဝိုင်း မသန်းစွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ အလှူငွေများနဲ့ လိုအပ်တာတွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်။
KANDE သောက်ရေသန့်နဲ့ ပူးပေါင်းတဲ့ အလှူမှာ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အနုပညာ ငွေကြေးထဲက အလှူငွေ ၅ သိန်းကို မသန်စွမ်းကလေးများအတွက် လှူဒါန်းခဲ့ပါတယ်။
သူမအနေနဲ့ နောက်ပိုင်းမှာလည်း သူမရဲ့ မွေးနေ့ရောက်တိုင်း မသန်စွမ်း ကလေးတွေအတွက် လှူဒါန်းသွားမယ်လို့လည်း မီဒီယာများကို ဖြေကြားခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူး။ သူတို့ကိုကြည့်ပြီး တခါတလေ ကိုယ့်ဘဝကို စဉ်းစားမိရင်လေ။ ကိုယ်အဆင်မပြေတဲ့ ကိစ္စဆိုတာ သေးသေးလေးပါလားပေါ့။ သူတို့လေးတွေကြည့်ပြီး ဒါလူဖြစ်တာတောင် လူဖြစ်ရကျိုး မနပ်ဘဲ ဒီလိုမျိုးလာပြီး ခံစားရတယ်။ အစကတည်းက သင်ဇာ့အလှူ လုပ်ပေးချင်စိတ် ဖြစ်မိတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
“အခု KANDE ကနေ ကမ်းလှမ်းလို့ ကြုံကြိုက် သွားလို့လုပ်ဖြစ်တဲ့အတွက် နှစ်ဆပိုပြီး ဝမ်းသာ ရပါတယ်။ မသန်စွမ်းကလေးတွေတော့ မလှူဖူးဘူး။ သင်ဇာ့ Fan တွေနဲ့တော့ အလှူလေးတွေ လုပ်ဖူးတယ်။ မသန်စွမ်းကလေးတွေကို ပထမဦးဆုံး လှူဖူးခြင်းပါ။ ကိုယ့်မွေးနေ့ဆိုရင် နာရေး ကူညီမှုတို့ ဘုန်းကြီးကျောင်းတို့သွား လှူဖြစ်ခဲ့တယ်။ ဒီလိုနေရာတွေမှာ လှူရကောင်းမှန်းမသိတာတော့ မှန်သောသစ္စာစကားပါ။ လှူတော့လှူချင်တယ်။ ဘယ်လိုလှူရမှန်း မသိတာကြောင့်ပါ။ အခုတော့ သိသွားပြီ။ နောက်မွေးနေ့တွေကျရင် သေချာစွာလှူဖြစ်မှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သင်ဇာဝင့်ကျော်ဟာ သူမရဲ့ Facebook ပေါ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်းမှာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ရေပန်းစားနေသူ တဦးလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း ပွဲတက်ဖက်ရှင် တခုကြောင့်ပရိသတ်များကြား ဝေဖန်မှုများလည်း ရှိခဲ့ ပါသေးတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး ၉ လပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တကားရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
ယခုလက်ရှိ ရုံတင်ပြသနေတဲ့ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ”ရုပ်ရှင်ဇာတ်ကားမှာလည်း သင်ဇာဝင့်ကျော်က ပါဝင်ထားပြီး အဲဒီဇာတ်ကားမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊ စတဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်