ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ မိသားစု မေတ္တာဖွဲ့ ဒရမ်မာရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကိုရီးယား ရုပ်ရှင်ဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာတော့ နာမည်ကျော်မင်းသား လီဗြောင်ဟွန်း၊ ရုပ်ရှင်တွေပဲ အရိုက်များတဲ့ မင်းသား ပတ်ဂျောင်မင်း၊ မင်းသမီး တွေဖြစ်ကြတဲ့ Yoon Yuh Jungနဲ့ ဟန်ဂျီမင်းတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာ Choi Seong Hyeon က ရိုက်ကူးပေးထားပြီး ကြာချိန် ၁၂၁ မိနစ်ရှိပါတယ်။ ရုံဝင်ငွေ ကန် ဒေါ်လာ ၂၅ ဒဿမ ၈ သန်းရရှိထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသခဲ့တာပဲ ဖြစ်ပါတယ်။
လက်ဝှေ့သမားဟောင်းတဦးနဲ့ သူ့မိခင်၊ အသိဉာဏ်ချို့ယွင်းချက်ရှိနေတဲ့ ညီလေးတို့ကြားက ချစ်ခြင်းမေတ္တာနဲ့ မိသားစုအတွင်း နှောင်ဖွဲ့ကြတဲ့ သံယောဇဉ်ကြိုး ခိုင်မာပုံတို့ကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။
မိဘမေတ္တာဖွဲ့ရုပ်ရှင်ဆိုတာထက် မိသားစုအတွင်းမှာ ပြဿနာတွေ ဖြစ်ခဲ့ပေမယ့် သံယောဇဉ်ကြောင့် မေတ္တာမပျက်တမ်း ချစ်မြတ်နိုးကြသူတွေအကြောင်း အရှင်းသား မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ညီအကိုနှစ်ဦး ဖြစ်ကြတဲ့ ကင်ဂျိုဟာ (လီဗြောင်ဟွန်း)နဲ့ အိုဂျင်ထယ် (ပတ်ဂျောင်မင်း) တို့ဟာ ကျွမ်းကျင်မှု ကွဲပြားခြားနား ချက်တွေရှိပေမယ့် မိသားစုတခု အနေနဲ့ ဖွဲ့စည်းဖြစ်တည်နေတဲ့ သူနှစ်ဦးဖြစ်ပါတယ်။
အစ်ကိုဖြစ်သူ ဂျိုဟာက နှိပ်စက်လွန်းတဲ့ ဖခင်နဲ့ သူသိပ်ချစ်ရတဲ့ မိခင် ဂျူအင်ဆော့ (Yoon Yuh Jung) တို့ကို စစ်မှုထမ်းပြီး ချိန်ကတည်းက ထားခဲ့ပြီး လက်ဝှေ့သမားတဦးအဖြစ် ရပ်တည်နေသူပါ။
တနေ့တော့ မိခင်ဖြစ်သူ အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်တခုမှာ အမှတ်မထင် ပြန်ဆုံခဲ့ပြီးတဲ့နောက် အသိဉာဏ် ချို့ယွင်းချက်ရှိနေတဲ့ ညီဖြစ်သူ ဂျင်ထယ်နဲ့အတူ လာနေဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ညီဖြစ်သူ ဂျယ်ထယ်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိပေမယ့် စန္ဒယားကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။
တခါတလေ ကလေးတယောက်လိုပြုမူတာမျိုး ရှိနေပြန်ပါတယ်။ ပထမကတော့ ညီအကိုနှစ်ဦးကြားမှာ ပဋိပက္ခတွေတချို့ ရှိတဲ့အပြင် မိခင်ဖြစ်သူက သူ့ရဲ့ သားငယ် ဂျယ်ထယ်ဆီဟာ အော်တစ်ဇင် ဝေဒနာရှင် ဖြစ်တဲ့အတွက် ပိုပြီး ဂရုစိုက်တာကို အစ်ကိုဖြစ်သူက သိပ်ကျေနပ်တာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း မိခင်က သားနဲ့ ပြန်အဆင်ပြေဖို့ ဆန္ဒရှိပေမယ့် သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ရှိခဲ့တာပါ။ ဂျိုဟာက သူ့မိခင်ဖြစ်သူဟာ သူ့ကို ထမင်းကျွေးထားတဲ့သူ၊ နေရာထိုင်ခင်း ပေးထားတဲ့သူလို့ပဲ မှတ်ယူထား တာပါ။
တနေ့တော့ မိခင်က ဘူဆန်မြို့ကို တလလောက် အလုပ်သွားလုပ်ရမှာဖြစ်တဲ့အတွက် ညီလေးကို စောင့်ရှောက်ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။ အဲဒီနောက် ညီအကို နှစ်ယောက်လုံးဟာ အတူတူ ရုန်းကန်လှုပ်ရှားခဲ့ကြပြီး နာမည်ကျော် စန္ဒယားပညာရှင် ဟန်ဂါယောနဲ့ တွေ့ရဖို့ ဖြစ်လာပါတော့တယ်။
တကယ်တော့ မိခင်ဖြစ်သူ ဘူဆန်ကို သွားရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲ။ စန္ဒယားတီးတာ ကျွမ်းကျင်တဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ ညီလေးကို အောင်မြင်အောင် အစ်ကိုဖြစ်သူ ဂျိုဟာက ဘယ်လို စွမ်းဆောင်ပေးမှာလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားနိုင်ပါတယ်။
ဒီရုပ်ရှင်နဲ့မှာ ဒီကားနဲ့အတူလိုက်ပါစီးမျောခံစားဖို့ လွယ်ကူသလို နှလုံးသားကို နွေးထွေးစေမယ့် ရိုးရှင်းတဲ့ စကားပြောလေးတွေလည်း ပါဝင်ပါတယ်။ အကြမ်းအရမ်းဇာတ်လမ်းတွေနဲ့အတူ မြင်သားကျနေတဲ့ ဝါရင့်မင်းသား လီဗြောင်ဟွန်း ကို ဒီရုပ်ရှင်မှာ ဒရမ်မာပိုင်တဲ့ မင်းသားတဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အဆင့် ၂ အော်တစ်ဇင်ဝေဒနာရှင်အဖြစ် မင်းသား ပတ်ဂျောင်မင်း ကိုလည်း အားရပါးရ ခံစားကြည့်ရှုနိုင်ကြဦးမှာပါ။
တကယ်လို့ သင်ဟာ စိတ်ခံစားလွယ်သူဆိုရင်တော့ ဒီရုပ်ရှင်မကြည်ခင်မှာ တစ်သျှူးဆောင်ထားဖို့ တိုက်တွန်းချင်ပါတယ်။ imdb ရုပ်ရှင်အညွှန်းကိန်း ၇ ဒဿမ ၃ ရရှိထားတဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
Ref: theseoulstory