လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခံစားချက်စာသားလေးတွေ ရေးလေ့ရှိတဲ့ အကယ်ဒမီမြတ်ကေသီအောင်က သတင်းမီဒီယာများအနေနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့စာများကို ကူးယူပြီးရေးသားခြင်းကို လုံးဝမကြိုက်ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အစ်မဆီကသတင်းလိုချင်ရင် လာမေး၊လာရိုက် ၊အစ်မပြောချင်တာကို ပြောပေးမယ်။ မပြောချင်ဘူးဆိုရင် ငြင်းလိုက်မယ်။ ဒါပေမယ့် အစ်မ Facebook ကဟာကိုယူပြီးဖွတာကို လုံးဝမကြိုက်ဘူး။ ဘယ်သူ့ကိုမှပြောတာတော့ မဟုတ်ဘူး။ ဘယ်သူ့ကိုမှမယူစေချင်ဘူး” လို့ မြတ်ကေသီအောင်က ပြောပါတယ်။
တချို့သော အင်တာဗျူးများမှာ မပါစေချင်တဲ့စကားတွေရှိတာကို နားလည်ပေးမှသာ တယောက်နဲ့တယောက် အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းတာတွေရှိသလို ဆိုးတာတွေရှိပါတယ်။ တယောက်နဲ့တယောက် နားလည်မှုရှိဖို့လိုတယ်။ တခါတလေအစ်မတို့ အင်တာဗျူးထဲမှာ မပါချင်တဲ့စကားတွေရှိတယ်။ အဲဒါတွေကို နားလည်ပေးရမယ်။ မပါချင်တဲ့ ဟာတွေကို ထည့်လိုက်မယ်ဆိုရင် တယောက်နဲ့တယောက် အဆင်ပြေတော့မှ မဟုတ်ဘူး” လို့ မြတ်ကေသီအောင် ကပြောပါတယ်။
မြတ်ကေသီအောင်ကတော့ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်များကို မလုပ်ဖြစ်တော့ဘဲ သူမရဲ့ မောင်ဖြစ်သူနဲ့အတူ ကော်ဖီဆိုင်လေးတခုကို ဖွင့်လှစ်ထားပါတယ်။
အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စများနဲ့ ပတ်သက်ပြီး ကောလာဟလများနှင့် ကြုံတွေ့ခဲ့ရတဲ့ မြတ်ကေသီအောင်ကတော့ ယခုအချိန်မှာတော့ သူမရဲ့ဘဝကို အေးချမ်းစွာဖြတ်သန်းလျက်ရှိပါတယ်။