ဒီတခါမှာတော့ IMDB မှာရော Rotten Tomatoes မှာပါ Rating တွေအမြင့်ကြီးရရှိထားတဲ့ Music နဲ့ဆက်နွယ်တဲ့ Comedy , Music ဒရာမာဇာတ်ကားကောင်းလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ John Carney ကရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Ferdia Walsh-Peelo, Lucy Boyton စတဲ့လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေအပါအဝင် တခြားသောသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၅ ခုနှစ်အချိန် Dublin မြို့ငယ်လေးက ဆယ်ကျော်သက်အရွယ် လူငယ်လေး Conner ဟာ အဆင်မပြေလှတဲ့ မိသားစုအခြေအနေကြောင့် တယောက်တည်း တိတ်တိတ်နေရင်း သီချင်းတွေကို ဖန်တီးသီဆို နေသူပဲ ဖြစ်ပါတယ်။
အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့် တက်ရောက်နေတဲ့ နာမည်ကြီးကျောင်းကနေ ခရစ်ယာန် ဘုန်းတော်ကြီးတွေ အုပ်ချုပ်တဲ့ အခမဲ့ကျောင်းဆီကို Conner တယောက် ပြောင်းရွှေ့ခဲ့ရပါတယ်။ ကျောင်းစတက်တဲ့နေ့မှာပဲ ကျောင်းသား တစုရဲ့အနိုင်ကျင့်ခံရမှုတွေနဲ့ စည်းကမ်းတင်းကြပ်လှတဲ့ စနစ်တွေကြောင့် အဆင်မပြေဖြစ်ခဲ့ရပါတယ်။
ဒီလိုအဆင်မပြေမှုတွေကြားထဲကပဲ လူကောင်ခပ်သေးသေး Darren ဆိုတဲ့ကောင်လေးနဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပြီး ကျောင်းရဲ့မျက်နှာချင်းဆိုင်ရှေ့မှာ အမြဲလိုလိုတွေ့ရတဲ့ Raphina ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ Raphina ဟာ မော်ဒယ်လုပ်ဖို့စိတ်ဝင်စားသူဖြစ်တာကြောင့် Conner တယောက် သူ့မှာ Music Band တခုရှိကြောင်း၊ သူ့ရဲ့ music video တွေမှာ ဝင်ရောက် သရုပ်ဆောင်ပေးစေလိုကြောင်းနဲ့ ဝင်ရောပါတော့တယ်။
Raphina က မငြင်းဘဲ လက်ခံတဲ့အခါမှာတော့ Conner တယောက် music Band စဖွဲ့ဖို့ သူ့သူငယ်ချင်း Darren ရဲ့ အကူအညီနဲ့ ဝါသနာတူသူတွေစုမိပြီး Sing street ဆိုတဲ့ music band လေးဖြစ်လာခဲ့ပါတော့တယ်။
Conner တယောက် သူနဲ့ဝါသနာတူ Band သူငယ်ချင်းတွေနဲ့ သီချင်းတွေ တပုဒ်ပြီးတပုဒ်ကို ဖန်တီးဖြစ်ခဲ့ပြီး Raphina နဲ့လည်း music video တွေရိုက်ကူးဖြစ်နေခဲ့ပေမယ့် Raphina မှာ ချစ်သူရှိနေပြီး သူ့ကောင်လေးနဲ့ လန်ဒန်ကိုသွားပြီး ဘဝသစ် စတော့မယ်လို့ သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ ဆယ်ကျော်သက်လူငယ်လေးတွေရဲ့ ဝါသနာနဲ့ ရူးသွပ်မှုကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး ပေါ့ပေါ့ပါးပါး လူငယ်ဘဝနောက်ကွယ်က မိသားစုပြႆနာတွေနဲ့ ဘဝပြဿနာတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်ကာလတွေရဲ့ Rock သီချင်း အမိုက်စားတွေနဲ့အတူ နားဆင်ကြည့်ရှု ခံစားရမှာဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။