မင်းသမီး အန်ဂျလီနာဂျိုဟာ တနှစ်ခွဲလောက် လုံလောက်တဲ့ ကလေးထောက်ပံ့ စရိတ် ပေးအပ်ခဲ့ခြင်း မရှိကြောင်း ခင်ပွန်းဟောင်း ဘရက်ပစ်ကို စွပ်စွဲလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ NBC News ရဲ့ အဆိုအရ အသက် ၄၃ နှစ်အရွယ် မင်းသမီး ဂျိုလီဟာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့၊ လော့စ်အင်ဂျလိစ် တရားရုံးချုပ်မှာ တင်ခဲ့တဲ့ အချက်အလက်တွေထဲမှာ အဲဒီစွပ်စွဲချက်ကို ရေးသားထားတယ်လို့ သိရပါတယ်။
ဂျိုလီရဲ့ ရှေ့နေဖြစ်တဲ့ Samantha Bley DeJean က “ဘရက်ပစ်ဟာ ကလေးထောက်ပံ့ငွေပေးဖို့ တာဝန် ရှိပါတယ်။ အခုချိန်ထိတော့ လမ်းခွဲပြီးတဲ့နောက် သူဟာ လုံလောက်တဲ့ ကလေး ထောက်ပံ့ စရိတ် ပေးတာမျိုး မရှိခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘရက်ပစ်ဘက်ကနေ ပုံမှန်ပေးရမယ့် ကလေးအသုံးစရိတ် ပေးချေမှုနဲ့ ပတ်သက်တဲ့ စီစဉ်မှုတွေလည်း တနှစ်ခွဲလောက် လုပ်ဆောင်ခဲ့တာ မရှိဘဲ ဂျိုလီဘက်ကနေ ကလေး ထောက်ပံ့စရိတ် ပေးချေရေး အမိန့်ထုတ်ပေးဖို့ တရားရုံထဲမှာ ဦးတိုက်လျှောက်ထားဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။
ဂျိုလီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က “ဂျိုလီရဲ့ တရားရုံးမှာ စာတင်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ ဘဝတွေမှာ နောက်တဆင့်ဆီသွားဖို့ လမ်းကြောင်းတခုကို ရှင်းလင်းစေမယ့် လက်ထပ်မှုကို ပိတ်သိမ်းဖို့နဲ့ သူတို့ရဲ့ ကလေးတွေအတွက် ပူးတွဲမိဘတွေအနေနဲ့ ဖြစ်ချင်ပါတယ်ဆိုတဲ့ ဂျိုလီနဲ့ ဘရက်ပစ်ရဲ့ ပြောဆိုချက်တွေကိုလည်း ခွင့်ပြုပေးဖို့ ဖြစ်ပါတယ်” လို့ ET Canada မီဒီယာကို ပြောကြားခဲ့ပါတယ်။
ET Canada မီဒီယာက မင်းသား ဘရက်ပစ်ရဲ့ ကိုယ်စားလှယ်ဆီ မှတ်ချက်ပေးဖို့ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အသက် ၅၄ နှစ်အရွယ် ဂျိုလီနဲ့ ဘရက်ပစ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ လမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့တာပါ။ သူတို့နှစ်ဦးကြားမှာ ကလေးထောက်ပံ့ရေးကိစ္စနဲ့ ပတ်သက်လို့ သဘောတူညီချက် တစုံတရာ ရခဲ့သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မင်းသမီး ဂျိုလီက သူ့ရဲ့ ကလေးထိန်းသိမ်းစောင့်ရှောက်ခွင့် အမှုဖြစ်နေချိန်အတွင်းမှာ သူ့ရှေ့နေနဲ့ လက်တွဲဖြုတ်လိုက်ပြီ ဆိုတဲ့ သတင်းတွေကို မင်းသမီးက ပယ်ချလိုက်ပြီးတဲ့နောက် အခုသတင်းတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ TMZ သတင်းရဲ့ အဆိုအရ မင်းသမီးဂျိုလီဟာ ခင်ပွန်းဟောင်းနဲ့ ကျားကုပ်ကျားခဲ ရင်ဆိုင်နေရတဲ့အကြောင်း နုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ရှေ့နေ Laura Wasser က ပြောဆိုထားပါတယ်။
ဒါပေမယ့် မင်းသမီးရဲ့ ကိုယ်စားလှယ်ကတော့ ရှေ့နေ Laura နဲ့ စကားတိုက်ရိုက် ပြောဆိုခဲ့ပြီးတဲ့ အကြောင်း၊ TMZ မီဒီယာရဲ့ သတင်းမှန်ကန်မှု မရှိကြောင်းနဲ့ အနာဂတ်မှာ အမှုကနေ ရှေ့နေက နုတ်ထွက်မှာ မဟုတ်တဲ့အကြောင်း People မီဒီယာကို ပြောဆိုထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ကလေးများကို အုပ်ထိန်းခွင့် သဘောတူညီချက် အသစ် ရခဲ့တဲ့ ဂျိုလီတို့ စုံတွဲ
Ref: etcanada