Myanmar Idol Season 3 ရဲ့ Final ပြိုင်ပွဲကို တက်ရောက်ခွင့် ရရှိသွားတဲ့ “မောင်ချို”လို့ အများက ချစ်စနိုး ခေါ်ကြတဲ့ ပြိုင်ပွဲဝင် “ချမ်းမြေ့မောင်ချို” နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်မှာ ပြင်းထန်တဲ့ ဝေဖန်မှုများ ခံနေရပါတယ်။
သြဂုတ်လ ၉ ရက်နေ့ကလည်း ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်ခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ လေးဘက်နာ (ASO) တက်ခြင်းတို့ကြောင်း ဆေးရုံတက်ကာ ဆေးကုသုမှု ခံယူခဲ့ရပါတယ်။
Myanmar Idol ရဲ့ Finalist ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုရဲ့ မိခင်ဖြစ်သူ အဆိုတော် အိအိကို ချမ်းမြေ့မောင်ချိုနဲ့ ပတ်သက်ပြီး သူမရဲ့ အကြောင်းအရာများ၊ သူမအပေါ် မိခင်တယောက်အနေနဲ့ ပြိုင်ပွဲကာလအတွင်း ပံ့ပိုးပေးခဲ့ရပုံများအကြောင်းကို ဧရာဝတီမှ သတင်းထောက် ယုဖြူဟန်က အဆိုတော်အိအိနှင့် သီးသန့်တွေ့ဆုံကာ အခုလို မေးမြန်းထားပါတယ်။
မေး။ ။ အခုဆိုရင် ပြိုင်ပွဲကြီးက နောက်ဆုံးအဆင့်ကို ရောက်လာနေပြီ။ သမီးဖြစ်သူက ဒီအဆင့်ထိ ပါလာနိုင်ပြီဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ပီတိကတော့ အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ ဒါပေမယ့် သူအရမ်းတွေ ပင်ပန်းနေတယ် ဆိုတော့ ကိုယ်လည်း သူ့အစားပင်ပန်းနေတာပေါ့။ ဝမ်းသာတာကတော့ သမီးလေး အခုလို အောင်အောင်မြင်မြင်လေး ဖြစ်နေတာကို ဝမ်းသာတာပေါ့။
မေး။ ။ မိခင်ဖြစ်သူ တယောက်အနေနဲ့ ပံ့ပိုးပေးမှုကရော သမီးဖြစ်သူကြိုးစားမှုနဲ့ ထပ်တူကျလား။
ဖြေ။ ။ ပံ့ပိုးမှုကတော့ သူတို့က ဟိုမှာ camp သွင်းထားတာတော့ အစစအရာရာ သူတို့ ကြည့်တာပေါ့နော်။ နေမကောင်းတာတွေကိုတော့ အကြောင်းကြားတယ်။ ကျန်တဲ့အပိုင်းကတော့ အကုန် တာဝန်ယူပါတယ်။
မေး။ ။ မောင်ချိုက အသက်ငယ်သေးပေမယ့် စိတ်ဓာတ်ခိုင်မာတယ်လို့ ပြောလို့ရမယ်ပေါ့။ နောက်ပြီးဝေဖန်မှု အများဆုံးခံရတဲ့သူလည်း ဖြစ်နေတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ သူက ဆယ်တန်းထိက ကျောင်းနဲ့အိမ်ပဲ သွားလာနေရတာပေါ့။ သူငယ်ချင်းလည်းမင်တယ်။ အခုလို ပြိုင်ပွဲဝင်ရတာကတော့ သူ့အတွက်က အရမ်းခက်ခဲတာပေါ့။ ဝါသနာပါလို့သာ တက်ပြိုင်တယ်။ တက်ဆိုတယ် ဆိုပေမယ့် ပရိသတ်တွေအများဆုံးအရှေ့မှာဆိုတာ ပထမဆုံး အကြိမ်ပါ။ အန်တီနဲ့က တပွဲပဲ ဆိုဖူးတယ်။ သူသတ္တိ ရှိရှိနဲ့ အခုလိုဆိုရဲတာဆိုကတည်းကိုက သူ့ကို ချီးကျူးတယ်။ စာမေးပွဲဖြေသလိုပေါ့။ လူတိုင်းကတော့ ဂုဏ်ထူး ထွက်ချင်ကြတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကျက်ကျက် ဟိုကျရင် စာမေးပွဲအရှိန်နဲ့ မေ့ကြတာလည်းရှိတယ်လေ။ အန်တီက ဆုံးမပါတယ်။ မေ့သွားတဲ့အပေါ်မှာလည်းသူက ပရိသတ်တွေကိုတောင်းပန်တယ်။
အဲဒီအပေါ်မှာ လူတွေက ဆဲဆိုနေကြတာကို စိတ်မဆိုးပါဘူး။ လူတိုင်းက ချစ်တာလည်းရှိမယ်။ မုန်းတာလည်း ရှိမယ်။ သူကတော့ ကိုယ့်ထက်တောင် ခံနိုင်ရည်ရှိသေးတယ်။ အသက်ငယ်သေးတဲ့ အတွက် သူလည်းနည်းနည်း ခံစားရမှာပေါ့။ တခုခုဖြစ်ရင် အမေကိုလည်း မပြောရက်ဘူး။ သူ့ကို ပြောထားတယ်။ ဘာရရ အမေကတော့ လက်ခုပ်တီးဖို့လာမယ်။ Winner အတွက်လည်း သမီးကို တွန်းအား မပေးပါဘူး။ တော်တော်များများတော့ ချစ်ကြတယ်။ ဆဲတဲ့သူတွေက သက်သက် ရှိပေမယ့် ချစ်ကြပါတယ်။
မေး။ ။ အန်တီ့အနေနဲ့လည်း အနုပညာလုပ်ခဲ့တာဆိုတော့ သမီးဖြစ်သူသီချင်းဆိုမယ်ဆိုတော့ ဘယ်လိုမျိုး ခွင့်ပြုပေးခဲ့တာလဲ။
ဖြေ။ ။ ပြောရရင် ကလေး ၁၁ ယောက်လုံးက အသံပါဝါတွေလည်း ကောင်းကြတယ်။ အကုန်တော်ကြတယ်။ အန်တီရဲ့အနုပညာသက်တမ်းက ၅ နှစ်ပဲ ရှိခဲ့တယ်။ ထွက်လာခဲ့တာလည်း ၂၃ နှစ် ရှိနေပြီ။ အနုပညာအလုပ်တွေ နားလိုက်ပြီး တကယ့်အိမ်ရှင်မတယောက်အနေနဲ့ပဲ နေလိုက်တဲ့အတွက် အနုပညာအလုပ်တွေနဲ့ စိမ်းသွားတယ်။ သမီး ဝါသနာပါလို့သာ ခွင့်ပြုလိုက်တာ ခံနိုင်ရည်ရှိပါ။ အကုန်လုံးက ဖြစ်ပြီးရင်ပျက်သွားမှာပဲလေ။ အဲဒီလိုပဲ ပြောပါတယ်။
မေး။ ။ မောင်ချိုကရော ဘယ်လို ကလေးမျိုးလဲ။
ဖြေ။ ။သမီးက သူငယ်ချင်း အပေါင်းအသင်း ချစ်တတ်တယ်။ ပြီးရင်သူက စကားလည်း ရှည်ရှည်ဝေးဝေး မပြောတတ်ဘူး။ စကားပြောရင်လည်း လေးတယ်။ သူက မိဘစကား နားထောင်တယ်။ ကိုယ်ကတော့ အခုခေတ်နဲ့ နှိုင်းရင် အရမ်းလိမ္မာတဲ့ သမီးလေး တယောက်ပါ။
မေး။ ။ မိဘနဲ့ ရင်အုပ်မကွာ ထားခဲ့တဲ့ သမီးဖြစ်သူက အခုလို ဝေဖန်မှုတွေ ခံနေရတဲ့အချိန်မှာ ပိုပြီး ရင့်ကျက်သွားတယ်လို့ရော ထင်မိလား။
ဖြေ။ ။ ရင့်ကျက်သွားတယ်။ အံ့တောင်သြတယ်။ မကြိုက်ရင် မကြိုက်ဘူးပဲ။ သူကအမေကို ထိလို့ မရတဲ့ ကလေးမျိုး။ အခုဆိုရင် ပတ်ဝန်းကျင်၊ ပရိသတ်၊ အလုပ်ကပဲ သင်ကြားပေးသွားတယ်။ သူပြောတတ် ဆိုတတ်သွားပြီ။ သူစိတ်ဓာတ်ကြံ့ခိုင်တယ်။ သူ့ကိုကြည့်ရင် ပျော့တိပျော့ဖတ်လေးပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တယ်။ ခံနိုင်ရည် ရှိပါတယ်။
မေး။ ။ အန်တီအနေနဲ့ကျတော့ အနုပညာလောကထဲကနေ ထွက်လာခဲ့ပြီ။ ဒါပေမယ့် သားနဲ့ သမီးနဲ့က အနုပညာလောကထဲကို ဝင်နေကြပြီဆိုတော့ သူတို့အတွက် ဘယ်လို ပံ့ပိုးမှုတွေ လုပ်ပေးဖို့ ရှိမလဲ။ တခြား ဘာတွေလုပ်ဖို့ တိုက်တွန်းတာရှိမလဲ။
ဖြေ။ ။ အန်တီက သူတို့ကို လွတ်လပ်စွာခွင့်ပြုထားတာ။ ပညာရေးကလည်း ပြောရလောက်အောင် မတော်ဘူး။ သားက စာပေးစာယူနဲ့ အင်္ဂလိပ်စာ၊ သမီးက Law တက်တယ်။ သားက လူပျိုပေါက် ဖြစ်တော့မှ လှချင်ပြီး သူ့ဘာသာသူ ပြုပြင်တယ်။ သူ့ဘာသာလုပ်ပြီးတော့ နောက်ဆုံးမှ အန်တီ့ကို ပြောတယ်။ သားက ယောင်္ကျားလေး ဆိုတော့ ဘာမှသိပ်မပူရဘူး။ နောက်က တကောက်ကောက် လိုက်တဲ့ အမေလည်း မဟုတ်ဘူး။ သမီးက ငယ်သေးတော့ လိုက်ထိန်းပေးရတာပေါ့နော်။
မဖြစ်သင့်တာမဖြစ်အောင် ထိန်းသိမ်းပေးရတယ်။ သူတို့ ဘာဝါသနာပါလဲဆိုတာကို အကုန် လုပ်ပေးမှာ။ ကောင်းတာမှန်သမျှ အကုန်လုပ်ပေးမှာ။ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေလည်းရှိတယ်။ ငယ်တုန်းလေး စန်းရှိတုန်းလေး လုပ်ပေးမှာ။ အနုပညာဘယ်လောက်ပဲ ဝါသနာပါပါ စန်းရှိမှဖြစ်မှာ။ သူတို့လမ်းလေးကို ဖြောင့်ဖြောင့်တန်းတန်းသွားဖို့ကို သူတို့ ဝါသနာပါတဲ့ဟာကို ရူးသွပ်ပါ။ တာဝန်ကျေပါ။ အဲဒါလေးပဲပြောထားတာပါ။ ပေါ်ပင်တော့ မလုပ်နဲ့လို့ပြောထားတာပေါ့။
မေး။ ။ ဖခင်ဖြစ်သူကရော ဘယ်လိုမျိုးပြောတာရှိလဲ။ အဝေးလည်း ရောက်နေတာဆိုတော့။
ဖြေ။ ။ သူ့အဖေကအေးတယ်။ စိတ်ရှင်းတယ်။ တခုခုဖြစ်ရင် မခံစားဘူး။ ကိုယ်ကသာ တခုခုဖြစ်ရင် ရှင့်သမီးကို ဒီလိုတွေပြောနေတာတွေရှိတယ်လို့ပြောရင် မင်းကဘာလို့ကြည့်လဲ။ ဒါတွေက ရှိမှာပဲလေ။ ဒါကိုလုပ်ရင် ဒီလိုမျိုးတွေ ရှိမှာပဲလို့ သူကတော့ အဲဒီလိုပဲပြောတယ်။ သမီး အဆင်ပြေလား။ ဘယ်ထိရောက်သွားပြီလဲ။ ဒီလောက်ပဲ။ ကျန်တဲ့အပိုင်းကတော့ သူလည်း သူအလုပ်နဲ့သူ ဆိုတော့ မအားတော့ ဒီလောက်လေးပဲ လုပ်ပေးနိုင်တယ်။ သမီးကိုစာပို့တယ်။ ဆုံးမတယ်။ အန်တီ့ကိုပဲစိုးရိမ်တာ။ ခင်နေတဲ့သူတွေက မထင်မှတ်ဘဲ နဲ့ ပြောတာတွေကို စိတ်မကောင်းဖြစ်တတ်တယ်။ တော်ရုံလည်းမဖတ်ဖြစ်ပါဘူး။
မေး။ ။နောက်ပြီးတော့ မောင်ချို့အဖေရဲ့အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့ ပြောနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးဆိုရင်ပေါ့။ စဉ်းစားကြည့်ကြပေါ့။ တကယ် Vote လုပ်တဲ့ သူတွေမှ သိတာ။ တသိန်းဖိုးလောက် Vote ရင်တောင် တော်တော်နှိပ်ယူရတာ။ သိန်း ၇၀ ဖိုး ၈၀ ဖိုး ဆိုတာ အန်တီ စဉ်းစားလို့တောင် မရဘူး။ ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူးလို့ပြောတာတွေ ရှိတယ်။ အန်တီအခြေအနေလည်း ကြည့်သွားလို့ရတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေနေရတာ။ လူတွေရဲ့ပြောတတ်တဲ့ သဘောကိုပြောတာ။ အန်တီ မချမ်းသာပါဘူး။ အန်တီက အပေါ်ကို မကြည့်ဘူး။ အောက်ကိုပဲကြည့်တယ်။ ကျန်တဲ့အပိုင်း ဘာအပူအပင်မှမရှိဘူး။
ကိုယ့်မိသားစုလေးနဲ့ ဒီလိုနေရတာ ကျေနပ်တယ်။ သူတို့တွေ စိတ်ဝင်စားလို့ပြောတာ အထင်ခံရနည်းလား။ ဒုဗိုလ်မှူးကြီးဘာညာနဲ့။ ၂ နှစ်ရှိပြီ။ စင်ကာပူမှာ ကပ္ပတိန်စာမေးပွဲ သွားဖြေတယ်။ အောင်တယ်။ ဒါပေမယ့် ရုံးမှာကျတော့ ချက်ချင်းရာထူး မပေးဘူး။ သင်္ဘောပြန်လိုက် ရသေးတယ်။ သင်္ဘောအရာရှိအနေနဲ့ ပဲလိုက်နေရတာ။ ၄ ခေါက်မြောက်ပါ။ အခုကျမှ ငိုပြတယ် ဆိုတာ ဘာကိုငိုပြရမှာလဲ။ အခုနေရတာက အခုခေတ်မှာ လူတန်းစေ့ပါပဲ။
မေး။ ။ အခုရောက်ရှိနေတဲ့ တဖက်ကလူနဲ့လည်း နှိုင်းယှဉ်ပြီး ပြောကြတာနဲ့ ပတ်သက်ပြီးတော့ရော။
ဖြေ။ ။ ဒါကလည်း သူ့ကံ၊ ကိုယ့်ကံတူတာမှ မဟုတ်တာ၊ သူတို့ဒီလိုဖြစ်တာ သူတို့အတိတ်ဘဝက လုပ်တာ၊ ကိုယ်တွေလည်း အရမ်းချမ်းသာတဲ့သူနဲ့ စာရင်တော့ အန်တီတို့အတိတ်ဘဝက ကံနည်းသေးလို့ပေါ့။ အရမ်း ချမ်းသာတဲ့သူရဲ့ နှာခေါင်းပေါက်လောက်ပဲ ရှိတယ်။ သမီးချောတာလည်း အပြစ်ပြောလို့မရဘူး။ ရုပ်နဲ့လုပ်စားတယ် တို့ အတိတ်ဘဝက ကံကိုပြောလို့မှမရတာ။ ချစ်ကြတယ် ဆိုရင် Vote ကြလေ။ အန်တီကလည်း သိန်းကို ရာနဲ့ချီပြီး Vote မလုပ်နိုင်ဘူး။ သူ့ကိုချစ်တဲ့သူတွေက ဝိုင်းVote တယ်။ ကိုယ်ချစ်တဲ့သူကို Vote ကြပေါ့။
မေး။ ။ ဒိုင်တွေဆီကလည်း မောင်ချို့အနေနဲ့ ကောမန့်ကောင်းတာတွေ မရဘူးလို့ပြောလို့ရမလား။
ဖြေ။ ။ ကောင်းတာမပါဘူးဆိုလည်းမှန်တယ်။ ဒိုင်တွေဆိုတာလည်းပြောသင့်တာကိုပြောတယ်။ ဒိုင်နဲ့သမီးနဲ့ ပြေလည်နေရင်ပြီးရောလေ။ ဒိုင်တိုင်းကလည်း သူတို့စိတ်ပဲလေ။ သူတို့ဆီက စည်းမျဉ်းစည်းကမ်းနဲ့ ညီတာတွေ ကို ပြောကြတယ်။
မေး။ ။ ပြိုင်ပွဲစပြိုင်တုန်းကရော ဒီလိုမျိုးတွေ ကြုံတွေ့ရမယ်လို့ မျှော်လင့်ထားလား။
ဖြေ။ ။ မမျှော်မှန်းပါဘူး။ အစကတည်းက ပထမတခေါက် Audition မှာ ပြုတ်သွားတာပဲ။ ဒုတိယတခေါက် ပြိုင်ချင်တော့လည်း ပြိုင်ပေါ့။ ဒီနေရာကိုလည်း သူ့ရဲ့ပရိသတ်က ဝိုင်းVote လို့ရောက်သွားတာပဲ။ တချို့ကျတော့လည်း ဒီလောက်မှားတာကို ပေးလားပေါ့။ Voting ကလိမ်တယ်၊ ညာတယ်တွေ ပြောကြတယ်။ ဒါတွေလည်း အန်တီနားမလည်ပါဘူး။ ဝေဖန်ပါ။ ၁၈ နှစ်အရွယ်ကို ကလေးလေးလို့ ပြောရအောင်လည်း လူကထွားနေတော့ လည်းမတတ်နိုင်ဘူး။
သူတို့ ၁၈ နှစ်အရွယ်မှာ ဘာလုပ်နေကြလဲ။ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်၊ ကိုယ်ချင်းစာ ပြီးပြောပါ။ ဒီ ၁၈ နှစ်အရွယ်ကလေးကို မှားရင်လမ်းလေးတည့်ပေး။ လူချင်းမပြောဘဲနဲ့ Facebook ပေါ် တက်တက် ရေးတော့ သူတို့ရဲ့အတွင်းထဲမှာ ဖြစ်နေတဲ့စိတ်လေးကို မြင်လိုက်ရတာပေါ့။ ဒီလိုသမီးလေးဖြစ် သွားတော့ အဖြူအမည်း သိသွားရော။
မေး။ ။ချမ်းမြေ့မောင်ချိုရဲ့ အနုပညာမျိုးရိုးရှိတာကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ မျိုးရိုးရှိတယ်ဆိုတာက ဒီလိုပါ။ ခင်သီတာထွန်းနဲ့ သမီးရဲ့အဖေနဲ့က တဝမ်းပဲ ကွဲတာ။ အခုထက်ထိ မမြင်ဖူးဘူး။ အဲဒီလောက်ထိ အနေစိမ်းတယ်။ မသွားကြဘူး။ ကြည်ဖြူသျှင်နဲ့လည်း ဟိုရက်က ခင်သီတာထွန်းသမီး မင်္ဂလာဆောင်မှာ တခါပဲ မြင်ဖူးတယ်။ ဒါတွေကို လူတွေက အခုမှ စိတ်ဝင်စားပြီးတော့ အမျိုးဂုဏ်နဲ့ တို့ဘာတို့ ပြောတာတွေက ဘာမှကို မဆိုင်တာ။ သွေးဆိုတာတော့ ရှိတာပေါ့။ သွေးတစက်ကလည်း ကြောက်ဖို့ကောင်းပြီး ဝါသနာပါလာတာပေါ့လေ။
မေး။ ။ အဲဒီလို ကောလာဟလ ပြောနေတဲ့သူတွေကိုရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အိမ်မှာ ကိုယ်တိုင်သွားမေးတဲ့ အကြောင်းလေး ပြောပြလိုက်ပါ။ ကိုယ့်သမီးလေးကို အားပေးတဲ့ တတိုင်းပြည်လုံး၊ တကမ္ဘာလုံးမှာရှိတဲ့ သမီးလေးကိုချစ်ပေးကြတဲ့ Vote ပေးကြတဲ့ အကုန်လုံးကို အန်တီက “မေတ္တာစစ်၊ မေတ္တာမှန်နဲ့ တကယ်ကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ အကြောင်းကို သမီးကိုယ်စားပြောပါရစေ။ ။
ဆက်စပ် သတင်းလင့်ခ် – ချမ်းမြေ့မောင်ချိုရဲ့ အဖေက “ဒူဘိုင်းသူဌေးရဲ့ အတွင်းရေးမှူး မဟုတ်ပါဘူး”