ဒီတခါမှာတော့ IMDB rating (6.8) ရရှိထားတဲ့ Drama Mystery ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Shawn Christensen က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Logan Lerman နဲ့ မင်းသမီး Elle Fanning တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Sidney Hall ဆိုတဲ့ စာရေးဆရာတယောက်အကြောင်းကို ကလေးဘဝ၊ လူငယ်ဘဝနဲ့ လူကြီးပိုင်းဘဝ ဆိုပြီး အပိုင်း(၃) ပိုင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။
ကလေးဘဝကတည်းကနေ အိမ်မှာရော ကျောင်းမှာပါ ဖိနှိပ်ခံရတဲ့ Sidney Hall ရဲ့ဝါသနာကတော့ စာရေးဆရာ တယောက် ဖြစ်ချင်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူငယ်ချင်းတယောက်အကြောင်းကို ဝတ္ထုအနေနဲ့ ပြန်လည် ရေးသားခဲ့တဲ့ စာအုပ်နဲ့ Sidney Hall တယောက် ဝက်ဝက်ကွဲ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတဲ့ နောက်မှာတော့ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။
သူရေးသားခဲ့တဲ့ စာအုပ်ကြောင့် လမ်းမှန်ပေါ်ကို ရောက်ရှိသွားတဲ့ လူငယ်တွေလည်း ရှိသလို ကိုယ့်ကိုယ်ကို သတ်သေ တဲ့အထိပါ ဖြစ်သွားတဲ့ လူငယ်တွေလည်းရှိတာကြောင့် အစိုးရပိုင်းကပါ ဒီစာအုပ်ဟာ လူငယ်တွေကို အဆိပ်အတောက် ဖြစ်စေတယ်ဆိုပြီး ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။
ဒီလိုမျိုး ဝေဖန်ပုတ်ခတ်မှုတွေရှိပေမယ့် Sidney Hall ရဲ့ စာအုပ်ကို အရူးအမူး ထောက်ခံအားပေးတဲ့ လူငယ်တွေကလည်း ဒုနဲ့ဒေးပဲဖြစ်ပြီး ပူလစ်ဇာဆုစာရင်းမှာပါ လျာထားခြင်းခံခဲ့ရပါတယ်။ ဒီလိုမျိုး ဂယက်ရိုက်မှုတွေ ဖြစ်ပြီးသွားတဲ့ နောက်မှာတော့ Sidney Hall တယောက် ထူးထူးဆန်းဆန်းကိုပဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပြီး ဘာကြောင့် ပျောက်ဆုံးသွားတာလဲ၊ ဘယ်လိုမြှုပ်ကွက်တွေရှိနေလဲဆိုတာကိုတော့ စိတ်ဝင်တစား ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာ Sidney Hall ရဲ့ ဘဝအနိမ့်အမြင့်အတက်အကျတွေကို အေးအေးဆေးဆေးနဲ့ ရသမြောက်မြောက် ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းကတော့ အနည်းငယ်အေးပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ဝေဖန်မှုကောင်းကောင်းရရှိထားတဲ့ ဇာတ်ကားတကားဖြစ်တဲ့အပြင့် ထိမိတဲ့ ဒိုင်ယာလော့ခ်တွေနဲ့ တွေးစရာတွေ ပေးနိုင်တဲ့ ဒရမ်မာဇာတ်ကားကောင်းတကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။