ပျမ်းမျှအားဖြင့် ကြည့်ရှုချိန် ၂နာရီကျော်ကြာမြင့်တတ်ပြီး လက်ရှိဘဝကနေ ခေတ္တခဏ ဝေးကွာစေမယ့် ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ယနေ့ခေတ်ကမ္ဘာရဲ့ အကြောင်းအရာတွေကို ခံစားကြည့်ရှုနိုင်ဖို့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ပြန်လည်မျှဝေပေးချင်တဲ့ ရုပ်ရှင်တွေ ရှိပါတယ်။
ယခုဖော်ပြပေးမယ့် ရုပ်ရှင်တွေမှာဆိုရင် သက်ဆိုင်ရာ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး အတုယုစရာ သင်ယူစရာတချို့လည်း ပါဝင်နေတာဖြစ်ပါတယ်။
(၁) Up in the Air (2009)
ယခုရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်မှာဆိုရင် အထီးကျန်မှုနဲ့ လိုအင်မပြည့်ဝခြင်းကို အဓိကထားလေ့လာကြရမှာဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ လူမှုဆက်ဆံရေးနဲ့ အခြားပုဂ္ဂိုလ်ရေးကိစ္စတွေလည်း ဆက်စပ်ပါဝင်နေမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ဇာတ်ဝင်ခန်းတခု ရှိပါတယ်။
အဲဒါကတော့ “ဘယ်အမှတ်မှာ မင်းရပ်တန့်ပြီး မင်းကိုပျော်ရွှင်စေတဲ့ အရာတွေဆီ ပြန်သွားမလဲ”လို့ Ryan Bingham က အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတယောက်ကို မေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအလုပ်သမားဟာ စားဖိုမှူးတယောက်အဖြစ် လုပ်ကိုင်ဖို့ စိတ်ပါဝင်စားနေသူလည်း ဖြစ်ပါတယ်။
(၂) The Intern (2015)
၂၀၁၅ ခုနှစ်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ရှင်တွေထဲကမှ “The Intern” ဟာ Comedy , Drama ရုပ်ရှင်အမျိုးအစားကောင်း တကားလည်းဖြစ်ပါတယ်။ မင်းသမီးချော Anne Hathaway ရဲ့အလုပ်သင်အဖြစ် နာမည်ကျော်မင်းသားကြီး Robert De Nio က သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ဇာတ်ဝင်ခန်းတခုကတော့ “မှန်တဲ့အရာကိုလုပ်ဖို့ မင်းဘယ်တော့မှ မမှားဘူး”လို့ Robert De Niro က Anne Hathaway ကို ပြောတဲ့ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။
Robert De Niro ဟာ သူဖတ်မှတ်ခဲ့ရတဲ့ စာရေးဆရာ မာ့ခ်တွိုင်းန်ရဲ့စကားကို ပြန်လည် ဖောက်သည်ချ ပြောဆိုခဲ့တာဖြစ်ပါတယ်။
(၃) The Wolf of Wall Street (2013)
ဖိအားအများဆုံးအလုပ်အကိုင်တခုဖြစ်တဲ့ စတော့ရှယ်ယာဈေးကွက်မှာ လုပ်ကိုင်ရတဲ့ အတွက်ကြောင့် အလုပ်ပိတ်ရက်တွေမှာ ကျင်းပတဲ့ ပါတီပွဲတွေကလည်း ကြောက်ခမန်းလိလိ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယခုရုပ်ရှင်မှာဆိုရင် အလုပ်လုပ်တဲ့ အချိန်မှာ အာရုံတစိုက် အလုပ်လုပ်ကြပြီး အပန်းဖြေချိန်ကိုလည်း စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး အသုံးချတဲ့ လူငယ် စတော့ရှယ်ယာသမားအဖြစ် မင်းသား Leonardo ကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
(၄) The Pursuit of Happyness (1999)
“Chris Gardner” အမည်ရတဲ့ ရင်းနှီးမြှုပ်နှံသူတဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး မင်းသား Will Smith က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဆိုရင် Gardner ရဲ့ စိတ်ဓာတ်တက်ကြွမှုတွေဟာ သူ့သားငယ်လေးကို မိဘတယောက်အနေနဲ့ ထောက်ပံ့လိုစိတ်ဆီက ရောက်ရှိလာတာကို တေ့ွမြင်ကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ မှတ်သားစရာ ဒိုင်ယာလော့ခ် တခွန်းကတော့ “လူတွေဟာ သူတို့တခုခုကို မလုပ်ကိုင်နိုင်တဲ့အခါ မင်းပါလုပ်နိုင်မှာ မဟုတ်ကြောင်း မင်းကိုပြောကြလိမ့်မယ်” ဆိုတာပဲ ဖြစ်ပါတယ်။