မြန်မာပြည်က ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်တဲ့ မြန်မာပြည်ဖွား ဂျပန်နိုင်ငံသား မိုရီဆာကီဝင်း (ခ) အဝင်းဟာ မြန်မာနိုင်ငံရဲ့ ဂျပန်ခရီးသွား မြှင့်တင်ရေး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားအတွက် သူဘက်က တတ်နိုင်သလောက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“Tourism ရဲ့ Brand Ambassador ဖြစ်တဲ့အတွက် ဂုဏ်လည်း ယူပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ ဖိတ်ခေါ် ပေးတဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဂျပန်မှာလည်း ပိုကြိုးစားနေတယ်ဆိုတော့ လောလောဆယ် ကျနေ်ာ ဂျပန်မှာနေတယ် ဆိုတော့ ဂျပန်ကလူတွေ မြန်မာပြည်ကို သိအောင်ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်”
“ကျနော်ကလည်း ဂျပန်မှာ အဲ့လောက်နာမည်ကြီးတဲ့သူ မဟုတ်သေးဘူးဆိုတော့ ကျနေ်ာလည်း အလုပ်တွေကို ပိုကြိုးစား အနုပညာလောကမှာ နာမည်ကြီးအောင် ပိုကြိုးစား။ အဲ့အပေါ်မှာမူတည်ပြီးတော့ အဲ့ကျရင် ကျနော် ဘယ်ကလာတယ်ဆို ပိုပြီးသိမယ်။ အဲ့ကျရင် မြန်မာပြည်ကလာတယ်ဆိုရင် မြန်မာပြည်ကို ပိုပြီးသိတဲ့အချိန် အဝင်းကမြန်မာပြည်မှာမွေး မြန်မာပြည်မှာလည်း အလုပ်လုပ်တယ်။ Tourism Brand Ambassador ပါလုပ်တယ် ဆိုတာပိုပြီး သိလာလိမ့်မယ်။ အဲ့ကျရင် ကိုယ့်ကိုယ်ကို ပိုပြီးကြိုးစားရမယ်ဆိုတာ တွေးမိပါတယ်’’လို့ အဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံက ပရိသတ်တွေက ချစ်စနိုးနဲ့ “အဝင်း” လို့ ခေါ်ကြတဲ့ မိုရီဆာကီဝင်းဟာ ဘယ်နေရာရောက်ရောက် မြန်မာနိုင်ငံသား တယောက်ဖြစ်တယ် ဆိုတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်သူပါ။ မိုရီဆာကီဝင်းဟာ ဂျပန်ပြည်က မြန်မာနိုင်ငံကို လာလည်ကြမယ်ဆိုရင် ပုဂံကို သွားလည်ဖို့လည်း အမြဲ ပြောလေ့ရှိသူပါ။
“ဂျပန်မှာ မြန်မာလို့ ပြောလို့ရှိရင် “စုကြည်စံ စုကြည်စံ” ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာပါ။ စုကြည်စံရှိတဲ့ နေရာလား မေးကြတယ်။ မြန်မာပြည်ကသတင်းတွေကလည်း ဂျပန်ပြည်ကို အများကြီး ဝင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် တခုတည်း မဟုတ်ဘဲ ပူတဲ့ နိုင်ငံ၊ မိုးအရမ်း ရွာတယ်။ ရေကြီးတယ်တို့နဲ့ ဂျပန်က သိတာပိုများတယ်။ မြန်မာပြည်က ဂျပန်ပြည်ကိုလာပြီး သရုပ်ဆောင်လုပ်နေတဲ့သူလည်း ရှိတယ်ဆိုပြီး သိလာတယ်။ အဲဒါကတော့ ကျနော်ပါပဲ” လို့ အဝင်းက ပြောပါတယ်။
“ဂျပန်ပြည်က မြန်မာနိုင်ငံကို လာလည်မယ်ဆိုရင် ပုဂံကို သေချာပေါက်သွားလို့ ပြောတယ်။ ဒါပေမယ့် ကျနေ်ာ တခါမှ မရောက်ဖူးဘူး။ ကျနေ်ာ အရမ်းသွားချင်တယ်။ နောက် Beach (ကမ်းခြေ) ပေါ့။အရမ်းလှတဲ့ Beach တွေ သွားချင်တယ်” လို့လည်း အဝင်းက ဆိုပါတယ်။
အဝင်းက မြန်မာနိုင်ငံသားတဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တယောက် ဖြစ်ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံမှာပဲ “PrizmaX” ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေ လုပ်နေတာပါ။ အဝင်း ပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ “ဇာတိမြေ” ဇာတ်ကားမှာလည်း အောင်ရဲလင်း၊ ရန်အောင်၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – မြန်မာပြည်ကပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ချင်လို့ Facebook Page ဖွင့်လိုက်တဲ့ အဝင်း
မြန်မာသီချင်း ဆိုဖို့အတွက် မြန်မာစာကို လေ့လာနေတယ်ဆိုတဲ့ “အဝင်း”