ဝင်ငွေအများဆုံးနယ်လှည့်ဖျော်ဖြေပွဲ စံချိန်သစ်တင်လိုက်ပြန်တဲ့ Taylor Swift
အဆိုတော် Taylor Swift ဟာ ဝင်ငွေအများဆုံး အမေရိကန် နယ်လှည့်ဖျော်ဖြေပွဲမှာ သူကိုယ်တိုင်တင်ထားခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“Look What You Made Me Do” အဆိုတော် Taylor ဟာ ပြီးခဲ့တဲ့မေလက စလို့ “Reputation Stadium Tour” ဆိုတဲ့နာမည်နဲ့ အမေရိကန်နိုင်ငံတဝန်းနဲ့ အခြားနိုင်ငံတွေမှာ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ပြုလုပ်တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲတွေဟာ အံ့သြဖွယ် ဒေါ်လာ ၁၉၁ ဒဿမ ၁ သန်း ရရှိခဲ့ပြီး ဖြစ်တယ်လို့ Billboard.com က ဖော်ပြလိုက်ပါတယ်။
ဆက်လက်ပြုလုပ်ဖို့ ဖျော်ဖြေပွဲ ၁၁ ခုကျန်ရှိနေသေးပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ “1989 World Tour” နယ်လှည့် ဖျော်ဖြေပွဲနဲ့ တင်ထားတဲ့ ဝင်ငွေ ဒေါ်လာ ၁၈၁ ဒဿမ ၅ သန်း စံချိန်ဟေင်းကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု နယ်လှည့် ဖျော်ဖြေပွဲအတွင်းမှာ လက်မှတ်ကုန်စင်အောင် ရောင်းချခဲ့ရပြီးတဲ့ ပွဲ ၂၇ ခုလုံး စီမှာတပွဲကို ဒေါ်လာ ၇ သန်းဆီဝင်ငွေ ရရှိမှာပဲ ဖြစ်ပါတယ်။
Pop မင်းသမီးလေးလို့ တင်စားခဲ့ရတဲ့ Taylor ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့တုန်းက ဖလော်ရီဒါပြည်နယ်၊ Miami Gardens မှာရှိတဲ့ Hard Rock Stadium မှာ ဖျော်ဖြေခဲ့ပြီးတဲ့နောက် နယ်လှည့်ပွဲကနေ ခေတ္တနားလျက်ရှိနေပါတယ်။
အဲဒီဖျော်ဖြေပွဲပြီးတဲ့နောက် သူဟာ ဖျော်ဖြေပွဲတခုလုံးမှာ ဗြိတိသျှအဆိုတော် Charli XCX နဲ့အတူ ပါဝင်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်သူ Camila Cabello ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
Taylor က “မီယာမီ၊ ကျမချစ်တယ်။ အရမ်းကိုကျယ်လောင်ပြီး ပျော်ဖို့ကောင်းတယ်။ Camila ကိုလည်း သူ့ရဲ့ မွေးရပ်မြို့မှာ အောင်မြင်အောင် လုပ်နိုင်ခဲ့လို့ အော်ဟစ်ချီုးကျူးလိုက်ပါ။ ပြီးတော့သူက အဖိုးတန်ဆုံးမှော်လူသား ဖြစ်ပါတယ်” လို့ သူ့ရဲ့ Tumblr စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲတွေကို ဆယ်ကျော်သက်အရွယ်တုန်းက သူ့ကို ကန်းထရီးစတားတဦးအနေနဲ့ ဖန်တီးပေးခဲ့တဲ့ တန်နက်ဆီပြည်နယ်၊ Nashville မြို့မှာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆက်လက်ပြုလုပ်ဦးမှာဖြစ်ပါတယ်။ သူ့ရဲ့ အမေရိကန် ဖျော်ဖြေပွဲတွေအပြင် အဆိုတော် Taylor ဟာ ယူကေ၊ အိုင်ယာလန်နဲ့ ကနေဒါနိုင်ငံ တို့မှာလည်း ဖျော်ဖြေခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဖျော်ဖြေပွဲတွေကနေ ဒေါ်လာ ၁၁ ဒဿမ ၁ သန်း ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ သူဟာ သြစတေးလျ၊ နယူးဇီလန် နဲ့ ဂျပန်နိုင်ငံတို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေက နေတဆင့် နယ်လှည့်ပွဲကို အဆုံးသတ်မှာဖြစ်ပြီး လောလောဆယ် အမျိုးသမီး အနုပညာရှင်တဦးတင်ထားတဲ့ ကမ္ဘာလှည့်နယ်လှည့်ဖျော်ဖြေပွဲဝင်ငွေ စံချိန်ကိုလည်း ချိုးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
အရင်စံချိန်ဟောင်းကို အဆိုတော် မက်ဒေါနားက “Sticky & Sweet Tour” ဆိုတဲ့ နာမည်နဲ့ ဒေါ်လာ ၄၀၈ သန်းရရှိပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။
Ref: aceshowbiz