Entertainment

Taylor Swift ရဲ့ Youtube စံချိန်ကို ရိုက်ချိုးလိုက်တဲ့ BTS အဖွဲ့ရဲ့ "Idol" ဂီတဗီဒီယို

တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့တခုဖြစ်တဲ့ BTS ကတော့ အခြားစံချိန်တခုကို တင်လိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ Billboard ရဲ့ Social 50 ဇယားမှာ အဆိုတော် Justin Bieber ရဲ့ စံချိန်ကို ကျော်လွန်ခဲ့ပြီးတဲ့နောက် အခုတော့ အဲဒီ Kpop အဖွဲ့ဟာ Youtube မှာလည်း အောင်မြင်မှု မှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ သီချင်းအသစ်တပုဒ်ဖြစ်တဲ့ “Idol” ဂီတဗီဒီယိုကို ဖြန့်ချိခဲ့ပြီးတဲ့နောက် အဲဒီဗီဒီယိုဟာ ၂၄ နာရီအတွင်းမှာ လူကြည့်အများဆုံး ဗီဒီယို တခုဖြစ်ခဲ့ပါတယ်။

မူရင်းစံချိန်ကို တင်ထားသူ အဆိုတော် Taylor Swift က “Look What You Made Me Do” သီချင်းနဲ့ တင်ထား ခဲ့တာ ဖြစ်ပြီး တနေ့အတွင်းမှာ ကြည့်ရှုသည့်အကြိမ်ရေ ၄၃ သန်းရှိခဲ့ပါတယ်။

Elle မီဒီယာရဲ့ အဆိုအရ “Idol” ဂီတ ဗီဒီယိုကတော့ ကြည့်ရှု့သည့်အကြိမ်ရေ ၅၆ သန်းရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဂီတဗီဒီယိုမှာ ကတော့ အက၊ အရောင်စုံတဲ့ အဝတ်အစားနဲ့ မျက်စိပသာဒဖြစ်စရာ အထူးပြုလုပ်ချက်တွေ ပါဝင်ပါတယ်။

Bangtan Boys လု့ိခေါ်တဲ့ BTS အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ “Love Yourself: Answer” အယ်လ်ဘမ်ကို ဖြန့်ချိခဲ့တဲ့တချိန်တည်းမှာပဲ အဲဒီဂီတဗီဒီယိုအသစ်ကို ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။

အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ အဲဒီသီချင်းကို အဆိုတော် Nicki Minaj နဲ့လည်း တွဲဖက်သီဆိုထားပါသေးတယ်။ Nicki Minaj နဲ့အတွက် တွဲဖက်ပါဝင်မယ့် ဂီတဗီဒီယိုကတော့ မကြာမီရက်ပိုင်းအတွင်းမှာ ဖြန့်ချိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခုလိုမျိုး တွဲဖက်သီဆိုခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့ အဖွဲ့ခေါင်းဆောင် RM က “ကျနော်တို့က Nicki Minaj ရဲ့ ပရိသတ်တွေပါ။ သူဟာ အခုအကောင်းဆုံးပဲဖြစ်ပါတယ်။ အိပ်မက်တွေအမှန်တကယ်ဖြစ်နေပါပြီ” လို့ Beats 1 မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

“IDOL” သီချင်းဟာ သူတို့အဖွဲ့ရဲ့ “Love Yourself” စီရီးထဲက တတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “Love Yourself: Answer” ရဲ့ ခေါင်းစီးတေးတပုဒ်လည်း ဖြစ်ပါတယ်။ BTS အဖွဲ့ဟာ အဲဒီအယ်လ်ဘမ် ထွက်ရှိမှုနဲ့အတူ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဆိုးလ်မြို့မှာ သြဂုတ်လ ၂၅ ရက်နေ့တုန်းကစလို့ စတင်ခဲ့ပြီးဖြစ်ပါတယ်။

Ref: asiaone, aceshowbiz

Loading