“Mission: Impossible” ရုပ်ရှင်တွေမှာ စတန့်လုပ်ဖို့ မငြင်းခဲ့ဖူးတဲ့ မင်းသား Tom Cruise
မင်းသား Tom Cruise ဟာ Mission: Impossible ရုပ်ရှင်တွေမှာ ပါဝင်တဲ့ စတန့်ပြကွက်တွေကို ကိုယ်တိုင် လုပ်ပြဖို့ အကြံပြုချက်တွေကို ဘယ်တုန်းကမှမငြင်းပယ်ခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ဆုံး ထွက်ရှိထားတဲ့ ဆဋ္ဌမမြောက်ရုပ်ရှင် “Fallout” မှာ အသက် ၅၆ နှစ်အရွယ် မင်းသား Cruise ဟာ ရဟတ်ယာဉ်ကိုယ်တိုင် မောင်းနှင်တာ၊ ချောက်အစွန်းမှာ ရိုက်ကူးရတဲ့ ပြကွက်နဲ့ အမျိုးသားရေချိုးခန်းမှာ တိုက်ခိုက်တဲ့ ပြကွက်တွေမှာ အရင်ကလိုပဲ ကိုယ်တိုင်စကန့်ပြကွက်တွေနဲ့ သရုပ်ဆောင်ခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။
ရုပ်ရှင်တိုင်းနီးပါးမှာ အခုလိုမျိုး အက်ရှင်ပြကွက်အစစ်တွေကို လုပ်ဆောင်ခဲ့ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ထုတ်လုပ်သူ Jake Myers က “မင်းသား Cruise ဟာ တခုခုကို လုပ်ပြချင်တာနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်မှာ ဘာထည့်မယ် ဆိုတာကို စဉ်းစားဖို့ ကြိုးစားရပါတယ်။ အဲဒီနောက် ဘယ်လိုလုပ်ရင် စိတ်ဝင်စားဖို့ ကောင်းမယ်ဆိုတာ၊ အဲဒါကိုလည်း မင်းသားက သဘောတူပါ့မလားဆိုတာ စောင့်ကြည့်ခဲ့ရပေမယ့် သူက ဘယ်တုန်းကမှ မလုပ်ဘူးလို့ မပြောခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၂ နှစ်လုံးမှာ Mission: Impossible ရုပ်ရှင်ဟာ ဟောလိဝုဒ်ရဲ့ အထင်ကရ ရုပ်ရှင်တွေ ဖြစ်လာခဲ့ပြီး မင်းသား Jeremy Renner ကနေ မင်းသမီး Thandie Newton အထိ အဲဒီရုပ်ရှင် စီးရီးတွေမှာ ပါဝင်ခဲ့ကြတာကိုလည်း တွေ့ခဲ့ကြ ရပါတယ်။
အခုနောက်ဆုံး ရုပ်ရှင်မှာတော့ မင်းသား Cruise ဟာ သရုပ်ဆောင် တွေဖြစ်ကြတဲ့ Simon Pegg နဲ့ Ving Rhames တို့ရော၊ အရင်သရုပ်ဆောင်တွေ ဖြစ်တဲ့ Rebecca Ferguson နဲ့ Alec Baldwin တို့အပြင် အခုမှ အသစ်ဝင်လာတဲ့ Henry Cavill နဲ့ Angela Bassett တို့နဲ့ပါ အတူူတူ ရိုက်ကူးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
Fallout ရုပ်ရှင်အကြောင်း ပြောရမယ်ဆိုရင် ၂၀၁၅ ခုနှစ်တုန်းက “Rogue Nation” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ Jake က တကယ့်အတည်ဇာတ်လမ်းမှာ ဟာသနဲ့ မျှမျှတတဖြစ်စေဖို့ အရေးကြီးခဲ့တယ်လို့ ဆိုပါတယ်။
သူက “ဟာသရှုထောင့်ကလည်း တော်တော်လေးကို ကြီးမားတယ်လို့ ကျနော်ထင်ပါတယ်။ နောက်ဆုံး ထွက်ထားတဲ့ ရုပ်ရှင်ဟာ တော်တော်လေးကို ရယ်ရပြီးတော့ အခုရုပ်ရှင်မှာတော့ ပိုပြီးတော့ ဒရမ်မာဆန်မယ့် ကြိုးပမ်းမှုတွေ ရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် Mission မှာ ဟာသကိုဆုံးရှုံးလိုက်ရပြီဆိုရင်တော့ ပရိသတ်ကို ရယ်မောပျော်ရွှင်စေဖို့ ဇာတ်ကို အလှည့်အပြောင်း လုပ်ဖို့ စွမ်းရည်တကယ်ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဟာသဟာ အဓိကလို့ ကျနော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – “Mission-Impossible” စတန့်ပြကွက်တွေကို တကြိမ်တည်းအပြီးလုပ်ခဲ့တဲ့ မင်းသား Tom Cruise
Ref: aceshowbiz