အခုတခါမှာတော့ ဂျပန်မန်ဂ (Manga) ရုပ်ပြရေးသူတွေအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ Comedy ရုပ်ရှင်အမျိုးအစား ဂျပန်ဇာတ်ကားကောင်းလေး တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားကိုတော့ မြန်မာပရိသတ်တွေ အများစု ကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ “Death Note” ဇာတ်ကားကို ဖန်တီးတဲ့ Ohba Tsugumi နဲ့ Obata Takeshi တို့ရဲ့ မန်ဂရုပ်ပြကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ Ohne Hitoshi ကရိုက်ကူးထားတာဖြစ်ပြီး လက်ရှိ ဂျပန်လူငယ် မင်းသားတွေထဲမှာ နာမည်ကြီးနေသူတဦးဖြစ်တဲ့ Satoh Takeru, Kamiki Ryunosoke နဲ့ Sometani Shota တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသားနှစ်ဦးဖြစ်တဲ့ Mashiro Moritaka နဲ့ Tagaki Akito တို့ဟာ မန်ဂရုပ်ပြရေး သူတွေဖြစ်ချင်တဲ့ ဆယ်ကျော်သက်လူငယ်လေးတွေဖြစ်ကြပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်နိုင်ငံရဲ့ မန်ဂရုပ်ပြ လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ Shonen Jump မန်ဂရုပ်ပြ ထုတ်ဝေရေးမှာ အခန်းဆက် ရုပ်ပြဆွဲသူတွေ ဖြစ်ချင်ကြတာပါ။
Mashiro Moritaka ရဲ့ဦးလေးဖြစ်သူဟာ တခေတ်တခါက အောင်မြင်ခဲ့တဲ့ မန်ဂရုပ်ပြရေးသူ တဦးဖြစ်ပြီး သူရေးဆွဲတဲ့ မန်ဂရုပ်ပြဇာတ်လမ်းတွဲကို လူကြိုက်မများတော့တာကြောင့် Shonen Jump ထုတ်ဝေရေးက ရပ်စဲလိုက်ပြီးနောက်ပိုင်းမှာ ရုတ်တရက်ဆိုသလို သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
Mashiro Moritaka ဟာ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဦးလေးဖြစ်သူရဲ့ အဖြစ်ဆိုးကြောင့်လည်း အောင်မြင်တဲ့ မန်ဂရုပ်ပြ ရေးသူတဦးဖြစ်ဖို့ စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ Mashiro Moritaka နဲ့ Tagaki Akito တို့ သူငယ်ချင်း နှစ်ယောက် မန်ဂရုပ်ပြတွေကို နေ့မအိပ် ညမအိပ် ရေးဆွဲပြီး သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ Shonen Jump ရဲ့ စာမျက်နှာ ထက်ပေါ်ကို ရောက်ရှိနိုင်မလား ဆိုတာ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရမှာပါ။
ဒီရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၅ ခုနှစ်မှာ ဆစ်ဒနီနဲ့ မဲလ်ဘုန်း တို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက် ပြသခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။
IMDb Rating မှာ (7.0) အထိ ရရှိထားပြီး မန်ဂရုပ်ပြတွေကို စာမျက်နှာထက်ပေါ် ပို့ဆောင်ပေးတဲ့ မန်ဂရုပ်ပြ ရေးသူတွေရဲ့ဘဝကို သဘာဝကျကျ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတကား ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။