“Johnny English Strikes Again” ရုပ်ရှင်မှာ ပါဝင်ဦးမယ့် Mr.Bean
Mr.Bean လို့ သိကြတဲ့ ကမ္ဘာကျော် ဟာသမင်းသား Rowan Atkinson ပါဝင် သရုပ်ဆောင်ထားတဲ့ “Johnny English Strikes Again” ရုပ်ရှင်ရဲ့ အမြည်းဗီဒီယို ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲဒါဟာ Johnny English ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်လမ်းဖြစ်ပြီး အဲဒီ အမြည်းဗီဒီယိုမှာဆိုရင် ဘာကြောင့် အဲဒီရုပ်ရှင်တွေက ပရိသတ်တွေကြားမှာ နာမည်ကြီးရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြန်လည် အမှတ်ရနေစေမှာ ဖြစ်ပါ တယ်။
Mr.Bean ဟာ ဒီဇာတ်လမ်းထဲမှာတော့ နိုင်ငံကို ကယ်တင်ဖို့ အငြိမ်းစား ယူထားတာကနေ ပြန်လည်တာဝန်ပေးအပ်ခံရတဲ့ Johnny English ဆိုတဲ့ စပိုင်တဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ရုပ်ရှင်အမြည်း ဗီဒီယိုထဲမှာတော့ မင်းသမီး Olga Kurylenko ရဲ့ ဇာတ်ကောင်က ကျနော်တို့ သိပြီးသားဖြစ်တဲ့ Johnny လိုမျိုး အမျိုးသားတဦးကို မတွေ့ဖူးတဲ့အကြောင်း ပြောဆိုနေတာကို မြင်တွေ့ရပါတယ်။ အဲဒီအခါမှာ Johnny က “မင်းငါ့ကိုမတွေ့ဖူးဘူးဆိုတာ သေချာပါတယ်” လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီနောက် သံလွင်သီးလိုမျိုး အသီးတခုကို သူ့ရဲ့ အနောက်ဖက်ဆီ ပစ်လိုက်ပေမယ့် နောက်ကနေ ဖြတ်သွားတဲ့ စားပွဲထိုး ချော်လဲသွားခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ တော်တော်လေး ရယ်မောပျော်ရွှင်ဖွယ် ဖြစ်ပါတယ်။
VR လို့ခေါ်တဲ့ ပုံယောင်ယောင် နည်းပညာကို စတင်အသုံးပြုခဲ့တဲ့ Johnny ရဲ့ ကမောက်ကမပြကွက်တွေ ဟာလည်း ကြည့်ရှုသူတွေကို မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်မောရစေမှာဖြစ်ပါတယ်။
အခုရုပ်ရှင်ဟာ Johnny English ဟာသရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်း ကွန်ရက်စနစ်ကို ထိုးဖောက်တိုက်ခိုက်သွားတဲ့ ဟက်ကာကို ရှာဖွေဖော်ထုတ်ရမယ့် Johnny English အကြောင်း ဇာတ်အိမ်တည်ထားတာလည်း ဖြစ်ပါတယ်။
ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကို အပြောင်အပျက်ပုံစံနဲ့ ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တဲ့ Johnny English ရုပ်ရှင်ဟာ ကုန်ကျစရိတ် ဒေါ်လာသန်း ၄၀ သာရှိခဲ့ပေမယ့် ကမ္ဘာတဝန်းရုံဝင်ငွေ ဒေါ်လာ သန်း ၁၆ဝ ပြန်လည် ရရှိခဲ့ပါတယ်။
ပထမရုပ်ရှင်အပြီး ၈ နှစ်ကြာပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ “Johnny English Reborn” ဆိုတဲ့ နောက်ဆက်တွဲ ရုပ်ရှင် ထပ်မံထွက်ရှိလာခဲ့ပြီး မူရင်းရုပ်ရှင်လိုပဲ ကမ္ဘာတဝန်း ရုံဝင်ငွေ တော်တော်များများ ရရှိခဲ့ပြန်ပါတယ်။
အခုနောက်ဆုံး ထွက်ရှိလာမယ့် ရုပ်ရှင်ကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။
Ref: indianexpress