သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ မျက်နှာ အသွင်အပြင် ပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး မကြာသေးမီ အချိန်က လူမှုကွန်ရက် စာမျက်နှာမှာ လူပြောများသွားခဲ့ပါတယ်။ သူ့ရဲ့မျက်နှာ ပြောင်းလဲသွားတဲ့ အကြောင်းအရာများကို ကျော်ကျော်ဗိုက အခုလို ပြောပြခဲ့ပါတယ်။
“ကျနော်က ပရိသတ်နဲ့ စတွေ့ပြီး ရုပ်ရှင် စရိုက်ကတည်းက ပေပေတေတေနေထားတဲ့ ရုပ်အခံ ရှိတယ်။ ဆေးလိပ်လည်း သောက်တယ်။ Skincare လည်း မလုပ်ဘူး။ အခုနောက်ပိုင်း ကားရိုက်လေးတွေ လျော့လိုက်တဲ့အချိန်မှာ အချိန်တွေ အများကြီးထွက်လာတော့ မလုပ်ဖြစ်တာတွေ လုပ်ခဲ့တာပေါ့”
“ဇာတ် ကတုန်းက ကျိုးခဲ့တဲ့ နှာခေါင်းလေးလည်း ပြင်တယ်။ Skincare လည်း လုပ်တယ်။ ဆေးလိပ် ဖြတ်လိုက်တာက အဓိကပေါ့။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ပြယ်သွားတော့ ငယ်တဲ့အချိန်က လျှောက်လုပ်ထားတာတွေကြောင့် ရင့်နေပြီးတော့ အခုကျတော့ ပြောင်းပြန် ပြန်ဖြစ်သွားတာ။ ကျနော်ကတော့ အထွေအထူး ပြောင်းသွားတယ်လို့ မထင်ပါဘူး”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆေးလိပ်ဖြတ်ပြီးနဲ့ ဆေးလိပ်မဖြတ်ခင်ဆိုပြီး Troll ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း ပျော်လို့ စတယ်လို့သာ သဘောထားပြီး ချစ်လို့ ပြောတယ်သာ ထင်ပါတယ်လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
“ဒီလိုတွေပြောတာက ကျနော့်ကို တိုက်ခိုက်တယ်လို့ မထင်ပါဘူး။ ပျော်လို့ စတာပေါ့။ လူတယောက်ကို တခုတ်တရနဲ့ ပြောဖို့ဆိုတာ စိတ်ထဲရှိမှ လုပ်လို့ရတာလေ။ ကျနော်ဆို မုန်းတဲ့သူကို သူနဲ့ ပတ်သက်တာ ဘာမှ မစဉ်းစားဘူး။ လုပ်လည်း မလုပ်ဘူး။ ချစ်လို့ လုပ်တယ်ပဲ မှတ်ပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကျော်ကျော်ဗိုက ယခုနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးမှုများ လျှော့လိုက်ပြီး နောက်ပိုင်းမှာတော့ မကြာခင် ထိုင်း-မြန်မာ ၂နိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် “Lady Boy” ဇာတ်ကားကိုတော့ အရည်အသွေး ကောင်းတဲ့ ဇာတ်ကားဖြစ်လိမ့်မယ်လို့ မျှော်လင့်ပြီး လက်ခံရိုက်ကူးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ Lady Boy ရုပ်ရှင်ဇာတ်ကားမှာ ထိုင်းစကား ပြောရမှာ ဖြစ်တဲ့အတွက် ထိုင်းစကားကို အမြဲတမ်း ပြောနေကျ လေသံမျိုးဖြစ်အောင် လေ့ကျင့်နေတယ်လို့ သူက ပြောပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း ကျော်ကျော်ဗိုအနေနဲ့ လက်ခံရိုက်ကူးတဲ့ ဇာတ်ကားက ယခုချိန်ထိ ၂ ကားပဲ ရှိသေးပြီး ယခင်က တနှစ်ကို ၁၀ ကားကျော် ရိုက်ကူးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – “ကျနော် ဆေးလိပ် ပြန်မသောက်တော့ဘူး” လို့ ပရိသတ်ကို ပြောလိုက်တဲ့ ကျော်ကျော်ဗို
ဇာတ်ကရင်း ထိခိုက်မိတဲ့အတွက် နှာခေါင်းရိုး ပြင်ထားရတဲ့ ကျော်ကျော်ဗို