လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုများတင်ဆက်ပြီး ကြည့်ရှုသူများကို ပျော်ရွှင်စေတဲ့ ဟာသသရုပ်ဆောင် ဂျိုကာကတော့ ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ မကြာခင်မှာလည်း ထိုင်း-မြန်မာ ၂နိုင်ငံပူးပေါင်း ရိုက်ကူးမယ့် Lady Boy ရုပ်ရှင်ဇာတ်ကားမှာ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား မိန်းမလျာနေရာက သရုပ်ဆောင်ရမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
“မိန်းမလျာကာရိုက်တာကတော့ ကျနော့်အတွက် ပထမဆုံးသီးသန့်ကာရိုက်တာ ပေးတဲ့ကားလေးပါ။ ခေါင်းအစ ခြေအဆုံး ပြင်ဆင်ရပါတယ်။ ဒိုင်ယာလော့ပိုင်းပြင်ဆင်ရပါတယ်။ ပြီးတော့ ထိုင်းအခြောက်တွေ ဘယ်လိုခြောက်လဲ မြန်မာအခြောက်နဲ့ ဘယ်လိုကွာလဲ။ ကိုယ်သွားလာနေတဲ့ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့နေတယ်။ ဘန်ကောက် ရောက်တဲ့အခါမှာ ကြည့်ဖြစ်တယ်။ သူတို့အနေအထိုင် အပြောအဆိုတွေကို။ အဲဒီလိုမျိုးလေ့လာဖြစ်ပါတယ်” လို့ ဂျိုကာကပြောပါတယ်။
ဂျိုကာကတော့ ၂၀၁၇ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ “ကြောက် ကြောက် ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိုင်းစကားပြောပြီးသရုပ်ဆောင်ခဲ့ခြင်းကို ပရိသတ်များက သဘောကျနှစ်သက်ခဲ့ကြပါသေးတယ်။
“အရင်က ထိုင်းစကားပြောပြီး သရုပ်ဆောင်တယ်ဆိုတာက ရမ်းပြောနေတာ။ ထမင်းစားရေသောက်လောက်ပဲ ပြောတတ်တာ။ ရလာတဲ့ အိုင်ဒီယာကို အသုံးချလိုက်တာက ပေါက်သွားခဲ့တာပေါ့။ ပရိသတ်အသိအမှတ်ပြုခြင်းလည်း ခံရတယ်” လို့ ဂျိုကာကပြောပါတယ်။
ထိုင်းအဆောင်မှူးအခြောက်မနေရာက သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ထိုင်းဘာသာစကားကို သေချာပြင်ဆင် ရမှာဖြစ်ပြီး ဇာတ်ရုပ်ပီပြင်ဖို့အတွက် ခေါင်းအစခြေအဆုံး ပြင်ဆင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျိုကာကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုများတင်ဆက်ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာခဲ့ပြီး ရုံတင်ထားတဲ့ ဇာတ်ကားများကတော့ ၆ကားလောက်ရှိနေပြီး ရိုက်ကူးထားတာကတော့ ၁၀ကား လောက်ရှိပြီလို့ သိရပါတယ်။
ဟာသဗီဒီယိုတွေကိုလည်း အချိန်အားရင် အားသလိုတင်ဖြစ်နေပြီးတော့ လတ်တလောမှာတော့ Facebook အကောင့်ဟက်ခံထားရတာကြောင့် တင်လို့မရသေးဘူးဘဲ ဟာသဇာတ်ကားတွေပဲ ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဂျိုကာကတော့ အဆိုတော်ရဲလေးရဲ့ ညီဖြစ်ပြီး အစ်ကိုဖြစ်သူ ရဲလေးနဲ့လည်း YLJK Entertainment မှ အနုပညာ တင်ဆက်မှုများ ပြုလုပ်လျက်ရှိပါတယ်။