အများက မျှော်လင့်စောင့်စားနေကြတဲ့ Top Gun နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိတော့ ထပ်မံစောင့်ဆိုင်းကြရဦးမှာ ဖြစ်ပြီး အဲဒီရုပ်ရှင်ရိုက်ကူးရေးကို တာဝန်ယူထားတဲ့ စတူဒီယိုကတော့ ထောက်ပံ့ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ၂၀၂၀ ခုနှစ်အထိ ရွှေ့ဆိုင်းထားရမှာဖြစ်တယ်လို့ ပြောဆိုလာပါတယ်။
Paramount Studios က Top Gun နောက်ဆက်တွဲ ရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကနဦး ဖြန့်ချိဖို့ စီစဉ်ထားခဲ့ပေမယ့် အခုပြောင်းလဲလိုက်တဲ့အစီအစဉ်အရ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်ရောက်မှသာ ရုံတင်မှာဖြစ်တဲ့ အတွက် ပရိသတ်တွေက ၁၁ လောက်သည်းခံပြီး ထပ်တိုးစောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။
အခုလိုမျိုး အချိန်ပိုယူရတာဟာ နည်းပညာနဲ့ လေယာဉ်အသစ်တွေ ပါဝင်မယ့် ရုပ်ရှင်ရိုက်ကူးရေးကြောင့် ဖြစ်တယ်လို့ စတူဒီယိုက ဖော်ပြပါတယ်။ အခုရုပ်ရှင်မှာတော့ နာမည်ကျော်ဇာတ်ကောင် အမေရိကန် ရေတပ်ပိုင်းလော့ Pete “Maverick” Mitchell နေရာကနေ မင်းသားTom Cruise က ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူနဲ့အတူ မင်းသား Miles Teller လည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက အပြီးသတ်ထုတ်ပြန်ခဲ့ပြီး “Westworld” ဇာတ်လမ်းတွဲ သရုပ်ဆောင် Ed Harris နဲ့ “Mad Men” ဇာတ်လမ်းတွဲ သရုပ်ဆောင် Jon Hamm တို့ကလည်း သက်ဆိုင်ရာ ဇာတ်ရုပ်တွေမှာ ပါဝင်လာကြမှာဖြစ်တယ်လို့ဆိုပါတယ်။
Tom “Iceman” Kazansky အဖြစ် မင်းသားကြီး Val Kilmer က ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးကို အခုနှစ် မေလကုန်ပိုင်းကစလို့ စတင် အကောင်အထည် ဖော်ခဲ့ပေမယ့် နောက်လထဲအထိ ရွှေ့ဆိုင်းထားပါတယ်။
နာမည်အတိအကျမသိရသေးတဲ့ Top Gun နောက်ဆက်တွဲ ရုပ်ရှင်ကိူ ဒါရိုက်တာ Joseph Kosinski က ရိုက်ကူးမှာ ဖြစ်ပါတယ်။ အခုရိုက်ကူးမယ့် ရုပ်ရှင်မှာတော့ ဒရုန်းနည်းပညာနဲ့အတူ ပဉ္စမမျိုးဆက် တိုက်ခိုက်ရေးသမားတွေကိုလည်း မြင်တွေ့ကြရမှာဖြစ်တဲ့အကြောင်းနဲ့ လေယာဉ်တိုက်ခိုက်ရေး ခေတ်တခုရဲ့ အဆုံးသတ်ကိုအကောင်းဆုံး ပုံဖော်မှာဖြစ်တယ်လို့ ဒါရိုက်တာ Joseph က ပြောဆိုထားဖူးပါတယ်။
Ref: contactmusic