ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် နီနီခင်ဇော်က သြဂုတ်လ ၃၁ ရက်နေ့ကတော့ သူ့ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အဆိုတော် နီနီခင်ဇော်ဟာ အောင်မြင်တဲ့ အဆိုတော် တဦးသာမက ကိုယ်ပိုင်အလှကုန် ပစ္စည်းတွေကိုလည်း ထုတ်လုပ်ကာ ရောင်းချနေသူ တဦးပါ။
ယခုချိန်မှာတော့ နီနီခင်ဇော်ဟာ အသက် ၂၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
“နေ့နဲ့ည ရေရင်း ၂၇ နှစ် မွေးနေ့မှာ ပျော်ပါစေပဲ ဆုတောင်းနဲ့ အမြဲပျော်ချင်တာ ကျန်တာ မလိုဘူးလေ။ အမှန်ကို အမှန်လို့သိပြီး အမှားကို အမှားလို့ မြင်ရပါလို၏။ Happy Birthday to me”လို့ နီနီခင်ဇော်က သူရဲ့ Facebook မှာ ရေးသားထားပါတယ်။
နီနီခင်ဇော်ဟာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တာကြောင့် အခုဆိုရင် ဂီတလောကရဲ့ အောင်မြင်တဲ့ နေရာ တနေရာကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်ပါတယ်။ တကိုယ်တော် အခွေ ၃ ခွေလည်း ထွက်ရှိပြီးခဲ့ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။ မွေးနေ့နဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ လုပ်ဖို့ မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ဒီနှစ်မွေးနေ့မှာ ဘာအစီအစဉ်မှ မရှိသလို ဘာမှ လုပ်ဖို့လည်း မရှိပါဘူး။ ခရီးသွားဖို့တော့ ရှိတယ်။ ဘယ်သွားဖြစ်မလဲတော့ မသိသေးဘူး။ နေလည်း သိပ်မကောင်းဘူး”လို့ သူမရဲ့ ညီမက ဧရာဝတီကို ပြောပါတယ်။
နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပြီး “Mario” ၊ “Super Red” ၊ “U” တေးစီးရီးတွေကိုလည်း ထွက်ရှိထားပါတယ်။ သူမရဲ့ သီချင်းတွေက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ သူမ မွေးနေ့မှာလည်း သူမ sရာင်းချနေတဲ့ Super Red မှ ပါးနီအသစ်လည်း ထွက်ရှိ သွားမှာဖြစ်ကြောင်း သိရပါတယ်။