ကိုရီးယားရုပ်သံလိုင်းတခုဖြစ်တဲ့ MBC ကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ထုတ်လွှင့် ပြသတော့မယ့် “Terius Behind Me” ဇာတ်လမ်းတွဲရဲ့ အမြည်းဗီဒီယိုတခုကို ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာတော့ MBC ရုပ်သံလိုင်းဟာ မင်းသား So Ji Sub (ဆိုဂျီဆပ်) သရုပ်ဆောင် ထားတဲ့ လျှို့ဝှက်အေးဂျင့် Kim Bon ရဲ့ အမြည်းဗီဒီယိုကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ အေးဂျင့် Kim ဟာ အဆင့်မြင့်နည်းပညာတွေနဲ့အတူ ဆုံးဖြတ်ချက် ကောင်းကောင်းနဲ့ တာဝန်ယူမှု ရှိတဲ့ အမျိုးသားတဦးအသွင်နဲ့ မြင်တွေ့ခဲ့ရပါတယ်။
ပိုလန်နိုင်ငံ၊ ဝါဆောမြို့ရဲ့ လှပတဲ့ မြင်ကွင်းတွေရဲ့ အတူ ဒီဇာတ်လမ်းတွဲရဲ့ လှပမှုတွေဟာ ကြည့်ရှုသူတွေကို စိတ်ခံစားမှု တစုံတရာ ပေးစွမ်းခဲ့ပါတယ်။ အေးဂျင့် Kim Bon ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့ နေရာမှာ ဝါဆောမြို့ဟာ အဓိကကျပြီး ရုတ်တရက် ပျောက်ဆုံး သွားခဲ့တဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ရဲ့ အေးဂျင့်တဦးရဲ့ နက်နဲပြီး ခန့်မှန်းရ ခက်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
“Terius Behind Me” ဇာတ်လမ်းတွဲဟာ လျှို့ဝှက်စွာ နေထိုင်တဲ့ နာမည်ကျော် အေးဂျင့်တဦးနဲ့ သူ့အိမ်ရှေ့က အိမ်မှာ နေထိုင်တဲ့ အမျိုးသမီးတို့ကြားက ဇာတ်လမ်းတခုကို ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်းတွဲမှာတော့ မင်းသား So ဟာ Jung In Sun, Son Ho Jun နဲ့ Im Se Mi တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘတ်ချောအွန်းလို့ လူသိများတဲ့ အသက် ၄၁ နှစ်အရွယ် မင်းသား So ဟာ ကိုရီးယားရဲ့ ရုပ်ရည် အချောမောဆုံး မင်းသားစာရင်းမှာ နံပါတ် ၁၄ နေရာကနေ ရပ်တည်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး ထုတ်လွှင့်ပြသခဲ့တဲ့ ဒရာမာကတော့ “Oh My Venus” ဖြစ်ပြီး KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာ လည်း ဖြစ်ပါတယ်။ မင်းသား Song Joong Ki နဲ့အတူ The Battleship Island ရုပ်ရှင်မှာလည်း ပါဝင်ခဲ့ဖူးပြီး မင်းသမီး Son Ye Jin နဲ့အတူ Be With You အမည်ရှိ အချစ်ဇာတ်လမ်းမှာလည်း သရုပ်ဆောင် ထားပါတယ်။
Ref:soompi