ဒီတခါ မိတ်ဆက်ပေးမှာကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror , Thriller ရုပ်ရှင် အမျိုးအစား ဇာတ်ကားတကားဖြစ်တဲ့ “Truth or Dare” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jeff Wadlow ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Lucy Hale , Tyler Posey နဲ့ Violett Beane တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအစမှာ ကောင်မလေးတယောက်ဟာ စတိုးဆိုင်တဆိုင်မှာ ဆေးလိပ်ဝယ်ဖို့ရောက်ရှိလာခဲ့ပြီး သူမရဲ့ မျက်လုံးတွေဟာ ကျီးကန်းတောင်းမှောက်ကြောက်ရွံ့နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စတိုးဆိုင်ပိုင်ရှင်ဆီ ဖုန်းတကောဝင်လာပြီး သူမကို “အမှန်ပြောမလား ၊ စိန်ခေါ်မလား” (Truth or Dare?) လို့ မေးပါတော့တယ်။ သူမဟာ စတိုးဆိုင်ထဲမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတဦးကို အရှင်လတ်လတ် မီးရှို့ထွက်ပြေးသွားပါတော့တယ်။
ဒီလိုနဲ့ Lucy Hale တို့သူငယ်ချင်း(၆)ယောက်ဟာ ကျောင်းပိတ်ရက်တွေထဲကမှ နောက်ဆုံး နွေရာသီ ကျောင်းပိတ်ရက်မှာ မက္ကဆီကိုကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။ ဘားတခုမှာ Lucy Hale တို့ ကျောင်းကအခြားသော သူငယ်ချင်းတယောက်က လာရောက်နှောင့်ယှက်တာကြောင့် သူစိမ်း တယောက်က ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာကနေ မိတ်ဆွေတွေဖြစ်သွားခဲ့ကြပါတယ်။
ညလုံးပေါက်သောက်ဖို့အတွက် နေရာအခက်အခဲရှိတာကြောင့် Lucy Hale နဲ့ ကျန်တဲ့ သူငယ်ချင်းတွေလည်း သူစိမ်းခေါ်ရာ မက္ကဆီကန် ဘုရားကျောင်းပျက်ထဲကို ရောက်ရှိ ခဲ့ကြပါတယ်။ သူတို့ဟာ “အမှန်ပြောမလား ၊ စိန်ခေါ်မလား” ဆိုတဲ့ ကစားနည်းတခုကို ကစားခဲ့ကြပြီး နောက်နေ့ မနက်မှာ ခရီးကနေပြန်လာခဲ့ကြပါတော့တယ်။
ကစားနည်းဟာ ပြီးဆုံးမသွားသေးဘဲ သူတို့ရှိနေတဲ့ ဘယ်နေရာမှာမဆို “အမှန်ပြောမလား ၊ စိန်ခေါ်မလား”လို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ ၊ လမ်းဘေးဂရပ်ဖတီတွေနဲ့ လူပုဂ္ဂိုလ်တွေအထိ မေးမြန်းအသက်ဝင်နေဆဲဖြစ်တာကို Lucy Haleတို့ သူငယ်ချင်းတသိုက်လုံး အလှည့်ကျ ကြုံတွေ့ကြရပါတော့တယ်။
ကစားနည်းရဲ့ စည်းကမ်းတချို့ကတော့ “အမှန်ပြောမလား ၊ စိန်ခေါ်မလား”ဆိုတဲ့ မေးခွန်းကို မဖြေမဖြစ်ဖြေရမယ်။ ကိုယ်ရွေးချယ်ထားတဲ့ အချက်အပေါ်မူတည်ပြီး အမှန်ကိုပဲပြောရမယ်။ စိန်ခေါ်မှုကိုလည်း မလုပ်မဖြစ်လုပ်ရမယ်။ ဒီအချက်တွေကို လွဲချော်ခဲ့ရင်တော့ အသက် ဆုံးရှုံးကြရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating (5.1) ရရှိထားပြီး ကစားပွဲမှာ ဘယ်သူတွေ အသက်ရှင် ကျန်ရစ်နိုင်အောင် ဆော့ကစားကြမလဲဆိုတာကို မျက်တောင်မခတ်တမ်း ကြည့်ရှုကြရမှာမို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုလိုက်ပါတယ်