Entertainment

"ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး"

ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲ (၂) ကို MRTV ရုပ်သံလိုင်းကနေ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ဆုပန်ထွာက ငွေကြေး မတတ်နိုင်တဲ့ အမှုသည်တွေကို ငွေကြေး အခမဲ့နဲ့ အမှုလိုက်ပေးတဲ့ ရှေ့နေမလေး မေနှင်းဆီ အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မေနှင်းဆီလို ရှေ့နေမျိုးတွေ အများကြီး လိုအပ်တယ်။ အခမဲ့ ရှေ့နေလိုက်ပေးတဲ့ My Justice Center က တကယ် ရှိတယ်။ လိုအပ်တဲ့ အကူညီဆိုရင် အဲ့ကနေတောင်းပါ။ အားလုံးက အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါတယ်။ ဒါပေမဲ့ အမှန်တရား တခုရှိဖို့တော့ လိုတာပေါ့။ ဒီ ‘နေရယ်၊ လရယ်။ အမှန်တရားရယ်’ ကားလေးက ဥပဒေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းတွေ အများကြီး ပါပါတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။

“မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။ ဒီကားက ပိုက်ဆံအတွက် အဓိကရိုက်တဲ့ကား မဟုတ်ဘူး။ ပြည်သူလူထုအတွက် အထောက်အပံ့ ဖြစ်စေမယ့် ပညာပေးကားလေးပါ။ ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်။ ဘယ်ကို သွားရမယ်။ ဘယ်လို အမှုဖွင့်ရမယ်ကအစ အကုန်လုံး သိသွားလိမ့်မယ်” လို့ ဆုပန်ထွာက ဆိုပါတယ်။

“ဖုံးကွယ်ထား လို့မရတဲ့ အရာတွေတော့ ကျမ ကိုယ်တိုင်လည်း အခက်အခဲ ကြုံခဲ့ဖူးတာပဲ။ ဒါပေမယ့် အမှန်တရားဆိုတာ ရှိတယ်။ အဲ့အမှန်တရားရှိတဲ့အတွက် ရဲရဲဝံ့ဝံ့နဲ့ ခေါင်းမော့ ရင်ကော့ပြီး လျှောက်နိုင်တယ်။ ဒီအမှန်တရားက ဖုံးထားလို့မရဘူး။ ပိုက်ဆံပေးတိုင်းလည်း ဥပဒေရော၊ အမှန်တရားကိုရော ကျော်လို့ မရဘူး။ အမှန်တရားကို သိလာတဲ့ အချိန်မှာ ဥပဒေကပဲဖြစ်ဖြစ် အမှန်တရားနဲ့ပဲကြည့်ကြည့် လောကကြီးမှာ လျှောက်ဖို့ ပိုရဲရင့်သွားတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။

ဆုပန်ထွာက ဇာတ်ကားတွေရို က်ကူးနေသလို သူမရဲ့ ချစ်စရာသားလေး Roar Roar Kyaw ကလည်း ၂ နှစ်ပြည့်တော့မှာ ဖြစ်တာကြောင့် သားလေးမွေးနေ့အတွက် အလှူအတန်းတွေလည်း လုပ်ပေးဖို့ရှိတယ်လို့ ပြောပါတယ်။

“သားသားမွေးနေ့အတွက် ကျမတို့ စီစဉ်နေတယ်။ မှော်ဘီမှာရှိတဲ့ မိဘမဲ့ကျောင်း တကျောင်းကို လှူဖို့တော့ စီစဉ်နေတယ်။ သားမွေးနေ့မှာ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူချင်တယ်။ လှူတယ်ဆိုရင်လည်း ပိုက်ဆံလှူတာမျိုးမဟုတ်ဘဲ သူတို့ တကယ်လိုအပ်နေမယ့် ပစ္စည်းတွေ လှူချင်တယ်။ သားမွေးနေ့က ၁၅ ရက်နေ့ ၂ နှစ်ပြည့်မယ်။ မိသားစုတွေနဲ့ အသိမိတ်ဆွေနဲ့ မုန့်စားဖို့လည်း လုပ်ထားတယ်” လို့ ဆိုပါတယ်။

“နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲ (၂) ကို ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် ဘုဏ်းသိုက်၊ နေယံ၊ မိုးယံဇွန်၊ နန္ဒ၊ ဆုပန်ထွာ၊ ခင်ဇာခြည်ကျော်၊ မေပန်းချီနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Loading