လက်ရှိ မြန်မာ့ရုပ်ရှင်လောကအပေါ် မကြာခဏဝေဖန်ထောက်ပံ့လေ့ရှိတဲ့ ဒေါ်ဆွေဇင်ထိုက်က မကြာခင်ပြသတော့မယ့် “နေရယ်၊ လရယ်၊ အမှန်တရားရယ်”ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။
“ Season 1 တုန်းကတော့ ကျမတို့က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ရည်မှန်းပြီးတော့ ရွေးကောက်ပွဲ ပညာပေးအနေနဲ့ ၁၀ ပိုင်း လွှင့်ခဲ့ပါတယ်။ Season 2 ကတော့ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးရမယ်ဆိုပြီးတော့ လူအများသိအောင်လို့ ကျမတို့ မြေယာပိုင်ဆိုင်မှု အကြောင်းပါမယ်။ သက်ငယ်မုဒိမ်း အကြောင်းပါတယ်။ လူကုန်ကူးမှု အကြောင်းပါတယ်”
” နောက် Season 3 ကိုတော့ ကျမ ‘ အဂတိ ‘ လိုက်စားခြင်းဆိုတဲ့ Direction ကိုပြောမယ်လို့ စိတ်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ ပါတဲ့သူတွေ အားလုံးက Salary ရပါတယ်။ ရတဲ့သူတွေကို ပေးတဲ့ Salary ဟာ အချိန်ကို ဘလော့ လုပ်ရတာ၂ လ ဖြစ်တဲ့အတွက် သူတို့ကို ပေးရတဲ့ Salary ထက် ၃၀% ၄၀% ပိုပေးပါတယ်။ ကျမကတော့ ပရိုဂျူဆာက တပြားမှမယူပါဘူး” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
‘နေရယ်၊ လရယ်၊ အမှန်တရားရယ် ‘ ခေါင်းစဉ်အောက်က ရိုက်မယ်ဆိုရင် ဒါရိုက်တာအောင်ကိုလတ်နဲ့ပဲ ရိုက်ကူးမှုပြုလုပ်မှာ ဖြစ်ကြောင်းပြောပါတယ်။
“ကိုအောင်ကိုလတ်နဲ့ပဲ ပထမ Season 1 တုန်းကလည်း ရိုက်တယ်။ Season 2 လည်း ကိုအောင်ကိုလတ်နဲ့ ပဲရိုက်တယ်။ နောက်’ နေရယ်၊ လရယ်၊ အမှန်တရားရယ်’ ခေါင်းစဉ်အောက်ကရိုက်မယ်ဆိုရင် ကိုအောင်ကိုလတ်နဲ့ ပဲရိုက်မှာပါ။ ပထမ Season 1 တုန်းကတော့ လန်ဒန်ကရှေ့နေကြီး တယောက်နဲ့ ဇာတ်ညွှန်းရေးဆရာတယောက် သူတို့ ၂ ယောက်ကနေ ပြီးတော့ ရေးခဲ့တဲ့ ဇာတ်လမ်းပေါ့။ အဲ့ဒီဇာတ်လမ်းကိုမှ ကျမတို့ Dialog တွေထည့်တဲ့ အလုပ်ပဲ လုပ်တာပေါ့နော်”
“အခု Season 2 မှာတော့ ဇာတ်ညွှန်းရေးဆရာနဲ့ ရှေ့နေကြီးက အိုင်ဒီယာပဲပေးတာပေါ့နော်။ ကျမတို့က ဒီမှာအခြေအနေတွေကို ထည့်တယ်။ Yangon Film School က ကလေးတွေနဲ့ သူတို့ရဲ့ Supervisor အောက်မှာ Team အလိုက်ဇာတ်ညွှန်းရေးတတ်ဖို့ နည်းလမ်းတခုကိုလုပ်ပါတယ်။ အဲ့ဒီကနေ ထွက်လာတဲ့ ဇာတ်ညွှန်းကိုပဲ ကျမတို့ ရိုက်ကူးတာဖြစ်ပါတယ်။ ဒါကြောင့် Season 2 ရဲ့ ဇာတ်ညွှန်းဟာ ပိုပြီးတော့ မြန်မာဆန်တယ်လို့ပြောရမှာပါ” လို့ပြောပါတယ်။
အပိုင်း ၁ မှာ ကတည်းက အောင်မြင်ခဲ့တဲ့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ရုပ်သံဇာတ်လမ်း အပိုင်း ၂ ကို လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ပြီး MRTV ရုပ်သံလိုင်းမှာ စတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။’
နေရယ်၊ လရယ်၊ အမှန်တရားရယ် ‘ဇာတ်ကားထဲမှာတော့ သရုပ်ဆောင် ဘုဏ်းသိုက်၊ နေယံ၊ မိုးယံဇွန်၊ ဆုပန်ထွာ၊ ခင်ဇာခြည်ကျော်နှင့် သရုပ်ဆောင်များစွာ ပါဝင်တယ်လို့ သိရပါတယ်။