မကြာခင်မှာ ထွက်ရှိတော့မယ့် Masterpiece အခွေထွက်ဖို့လုပ်နေတဲ့ အဆိုတော်ပိုပိုက အခုလတ်တလောမှာတော့ သီချင်းဆိုတဲ့ အလုပ်နဲ့ အခွေပဲ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ပိုပို စက်တင်ဘာ ၉ ရက်နေ့မှာ Masterpiece အခွေလေးထွက်ပါမယ်။ ၁၃ ရက်နေ့ မှာလည်း မုံရွာမှာရှိပါမယ်။ ၁၆ ရက်နေ့မှာ မန္တလေးမှာ ရှိပါမယ်။ ပရိုမိုးရှင်းလုပ်သွားပါမယ်။ ပိုပရိသတ်ကြီးလည်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပို အခုလတ်တလောမှာတော့ သီချင်းဆိုတဲ့ အလုပ်နဲ့ အခွေပဲလုပ်ဖြစ်နေပါတယ်။ ဇာတ်ကားရိုက်ကူးဖို့တော့ မရှိသေးပါဘူး”
“သီချင်းအသစ်တွေဖန်တီးဖို့လုပ်နေပါတယ်။ ခုတော့ ဘာသီချင်းမှ မရေးဖြစ်သေးဘူး။ နောက်ပိုင်းအချစ် သီချင်းလေး တပုဒ်ရေးဖို့ရှိပါတယ်။ ပိုအချစ်သီချင်းတွေ ရေးဖြစ်မယ် ဆိုပေမယ့် ရည်းစားလည်းမရှိပါဘူး။ ချစ်သူလည်း မရှိသေးပါဘူး။ လူငယ်ဆိုတော့ တခါတလေ ကိုယ်သဘောကျတဲ့သူတော့ ရှိတာပေါ့နော်။ ပိုကြိုက်တဲ့ ကောင်လေးတွေတော့ ရှိတယ်”လို့ ပိုပိုက ပြောပါတယ်။
ပိုပိုက အရမ်းချစ်တတ်၊ ကြင်နာတတ်တဲ့အပြင် အိမ်မှုကိစ္စလည်းနိုင်ပြီး ကိုယ့်ပိုက်ဆံလည်း ကိုယ်ရှာနိုင်တာကြောင့် သူမကို ရတဲ့ ယောင်္ကျားက ကံအကောင်းဆုံးဖြစ်မယ်လို့ဆိုပါတယ်။
“ပိုပို့ကိုရမယ့် ယောကျာ်းကအရမ်း ကံကောင်းမှာပါ။ ဘာလို့လဲဆို ပိုက အရမ်း ချစ်တတ်တယ်။ ကြင်နာတတ်တယ်။ ဟင်းချက်၊ ထမင်းချက်လည်း ရတယ်။ အိမ်မှုကိစ္စလည်း နိုင်တယ်။ ကိုယ့်ပိုက်ဆံလည်း ကိုယ်ရှာနိုင်တယ်ဆိုတော့ ပိုကိုရတဲ့ယောင်္ကျားက ကံအကောင်းဆုံး ဖြစ်မယ်ထင်တယ်။ အခုခေတ်မှာလည်း အဲ့လိုမိန်းကလေးတွေက ရှားသွားပြီ။ ဒါကလည်း သူတို့ သဘောနဲ့ သူတို့ပေါ့။ တချို့က မိန်းကလေးဆိုတော့လည်း မချက်တတ်လည်း ရတယ်လို့ ထင်တယ်။ ပိုပိုကတော့ ကိုယ်ချစ်တဲ့ သူကိုချက်ပြုတ် ကျွေးမွေးချင်တာ”လို့ ပိုပိုက ပြောပါတယ်။
ချစ်သူ မရှိသေးတဲ့ ပိုပိုက အိမ်ထောင်ဖက်ကို ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ဖြစ်မလဲ ဆိုတာကို အခုလိုပဲ ပြောပါတယ်။
“လူတွေက ချစ်ခြင်းမေတ္တာ၊ ရုပ်ချောတာ၊ မချောတာတွေနဲ့ မဆိုင်ဘူးပေါ့ ဘယ်လို ရွေးချယ်ဖြစ်မလဲဆို ကိုယ့်ကို တကယ်ချစ်မယ့် လူမျိုး၊ ကိုယ်ကလည်း တကယ်ချစ်မယ့် လူမျိုးကိုရွေးချယ် ဖြစ်မှာပါ။ သူချစ်၊ ကိုယ်ချစ်ကိုရွေးချယ်ဖြစ်မယ်ထင်တယ်။ ပို့ကိုလာချစ်တဲ့ သူတွေရှိတယ်။ ကိုယ်သူ့ကိုမချစ်နိုင်လို့၊ သဘောမကျလို့ မတွဲဖြစ်ဘူး”
“ကိုယ်ကလည်း ချစ်မှရမယ် ကိုယ့်ကို ချစ်မှလည်း ရမယ် နှစ်ခုစလုံးပြည့်စုံမှရမယ်။ မဟုတ်ရင်တော့ မတွဲဘူးပေါ့။ ပိုစဉ်းစားထားတဲ့ အိမ်ထောင်ရေးဆိုရင် ပိုက မိဘမဲ့ ဖြစ်ခဲ့တယ်။ အဲ့တော့ ကိုယ့်မိသားစု၊ ကိုယ့်အလှည့်ကျရင်လည်း မိဘမဲ့ မဖြစ်အောင်တော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးစောင့်ရှောက်မယ်” လို့ ပိုပိုက ဆိုပါတယ်။
အဆိုတော် ပိုပိုက တကိုယ်တော်ခွေများဖြစ်တဲ့ “ချစ်ခဲ့ဖူးသမျှ”၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို”၊ “Master Pieces” အခွေများ ထွက်ရှိထားပြီး ပရိသတ် နှစ်သက်အားပေးခြင်း ခံထားရတဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။