ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Taylor Hackford ရိုက်ကူးထားတဲ့ ၁၉၉၇ခုနှစ်ရဲ့ Drama , Mystery , Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ Devil’s Advocate ပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းသား Keanu Reeves , Al Pacino နဲ့ မင်းသမီး Charlize Theron တို့ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။
Kevin Lomax ဟာ အောင်မြင်တဲ့ ရှေ့နေတယောက်ဖြစ်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင် လုပ်ကိုင်ခဲ့ကတည်းက ရှုံးနိမ့်ခြင်းဆိုတာမရှိတဲ့ လူတယောက်ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင် အလှပဂေးတယောက်ကို ဇနီးမယားအဖြစ်ပိုင်ဆိုင်ထားပြီး ကားအကောင်းစားကိုလည်း ကျော့ကျော့မော့မော့လေးစီးနေနိုင်သူတဦးဖြစ်ပါတယ်။
အစစအရာရာ အဆင်ပြေနေတဲ့ သူ့ရဲ့ ဘဝဟာ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် သက်သောင့်သက်သာ ရှိလွန်းလှတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
သူဟာ ဖလော်ရီဒါကရှေ့နေတယောက်ဖြစ်ပြီး ဒီထက်ပိုအလားအလာကောင်းတဲ့ နယူးရော့ခ်မြို့ကြီးမှာ ရှေ့နေဆက်လုပ်ဖို့ မြင့်မားတဲ့ တန်ဖိုးလစာနဲ့ ကမ်းလှမ်းခံရပါတော့တယ်။ သူ့အမေရဲ့ တားမြစ်မှုကို ငြင်းဆန်ပြီး ယခုလို ပြောင်းရွှေ့လုပ်ကိုင်ဖို့ လက်ခံလိုက်တဲ့အခါ သူဟာ မြို့ အသစ် ၊ အသုံးအဆောင်ပစ္စည်းအသစ်တွေအပြင် ၊ ဒုက္ခအသစ်စက်စက်တွေကိုပါ ခံစားရပါတော့တယ်။
သူ့ဇနီးသည်ဟာလည်း အိမ်လွမ်းဝေဒနာကို ခံစားလာရပြီး သူမရဲ့ ရုပ်သွင်ဟာ တဖြည်းဖြည်း ပြောင်းလဲစပြုလာ ပါတော့တယ်။ Kevin ကတော့ သူ့ရဲ့အမှုအသစ်တွေနဲ့အလုပ်ရှု့ပ်နေခဲ့ပြီး သူ့ဇနီးသည်ကိုပါ ဂရုမစိုက်အားအောင် ဖြစ်လာပါတော့တယ်။ သူ့ဇနီးသည်ဟာ သူ့ကို ယခုအလုပ်ကနေထွက်လိုက်ပြီး ဖလော်ရီဒါကိုပဲပြန်ဖို့ တိုက်တွန်းခဲ့ပေမယ့် သူကတော့ သူ့ဇနီးကို အရူးတယောက်လို့သာ သတ်မှတ်ထားလိုက်ပါတယ်။
ဒီဇာတ်ကားဟာဆိုရင်တော့ IMDb rating (7.5) ရရှိထားပြီး လူတွေရဲ့ မကောင်းတဲ့စိတ်ကို တစိတ်တပိုင်းအနေနဲ့ မြင်တွေ့နိုင်မယ့် အရောင်အတွဲအစပ်တွေ ၊ နောက်ခံတီးလုံးတွေနဲ့ ဒါရိုက်တာဟာ အသေးစိတ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ မကြာခဏဆိုသလို ရုပ်ရှင်ထဲမှာ တွေ့ရှိရမှာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။