လာမယ့်နှစ် အော်စကာဆုပေးပွဲမှာ လူကြိုက်များတဲ့ ရုပ်ရှင်ဆု ပေးအပ်မယ်ဆိုတဲ့ အဆိုပြုချက်ကို ရှေ့တိုး လုပ်ဆောင်မှာ မဟုတ်တဲ့အကြောင်း ရုပ်ရှင်အကယ်ဒမီအဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁ လလောက်က ကြေညာခဲ့တဲ့ အဲဒီအဆိုပြုချက်ဟာ ရုပ်ရှင်လုပ်ငန်းနဲ့ ရုပ်ရှင် သုံးသပ်သူတွေထဲကနေ ကန့်ကွက်မှု အကြီးအကျယ်နဲ့ ရင်ဆိုင်ခဲ့ပြီး လူကြိုက်များတဲ့ရုပ်ရှင်နဲ့ လူကြိုက် မများတဲ့ ရုပ်ရှင်ဆိုပြီး နှစ်ခုခွဲစနစ်နဲ့ ပေးအပ်သင့်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေတာပါ။
ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက ကိုးလကြာ ဆုအသစ်တွေကို ဖန်တီးပေးအပ်မယ့် အစီအစဉ်ဟာ ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ရုပ်ရှင်တွေအတွက် စိန်ခေါ်မှုတွေကို ဖန်တီးခဲ့ပြီး အခုလိုမျိုး အဆိုပြုချက်တွေ အတွက် ထပ်ပြီးဆွေးနွေးဖို့ လိုအပ်နေသေးတဲ့အကြောင်း ကြေညာချက် တခုထဲမှာ ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၉၁ ကြိမ်မြောက် ဆုပေးပွဲမှာ အော်စကာဆု အသစ် ချီးမြှင့်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။ အကယ်ဒမီ အမှုဆောင်အရာရှိ Dawn Hudson က “ ဆုအသစ်ကို မိတ်ဆက်တဲ့နေရာမှာ တုံ့ပြန်မှု တော်တော်များများ ရှိခဲ့ပြီး ကျနော်တို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ထပ်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အလိုမျိုး လူကြိုက်များတဲ့ ရုပ်ရှင်တွေအတွက် သီးခြားဆုပေးအပ်မယ့် အစီအစဉ်ဟာ နှစ်စဉ်ကျင်းပမြဲ အော်စကာဆု ပေးပွဲကို ရုပ်သံကနေ ကြည့်ရှုတဲ့လူဦးရေ တိုးတက်လာစေဖို့ဆိုပြီး ရှုမြင်တာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်း က ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲကို အမေရိကန်နိုင်ငံကနေ ကြည့်ရှု့ခဲ့သူ အရေအတွက်ဟာ ၂၆ ဒဿမ ၅ သန်းရှိခဲ့ပြီး နှစ် ၉၀ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ဆုပေးပွဲသမိုင်းမှာ အနည်းဆုံး ပမာဏလည်း ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်တွေလိုမျိုး နာမည်ကျော် ရုပ်ရှင်တွေကို ဆုပေးမယ်ဆိုရင် အခြားရုပ်ရှင်တွေဟာ လူကြိုက်မများတဲ့ ရုပ်ရှင်တွေ ဆိုတဲ့ သဘောကို သက်ရောက်သွားနိုင်တဲ့အကြောင်း ထောက်ပြကြ ပါတယ်။
မကြာသေးခင်နှစ်တွေတုန်းကတော့ အကယ်ဒမီမဲပေးသူတွေဟာ အကောင်းဆုံးဇာတ်ကားဆုအတွက် ရုံဝင်ငွေ စံချိန်တင်ရရှိခဲ့တဲ့ Star Wars ရုပ်ရှင်နဲ့ ၂၀၁၇ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Wonder Woman” ရုပ်ရှင်တွေအစား “Moonlight” နဲ့ “The Shape Of Water” တို့လိုမျိုး လွတ်တပ်တဲ့ ရုပ်ရှင်တွေကိုသာ ရွေးချယ်ပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဆုပေးပွဲကို အချိန် ၃ နာရီကြာချိန်အထိ လျှော့ချသွားဖို့ အစီအစဉ်ကိုလည်း ရှေ့ဆက်လုပ် ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း အကယ်ဒမီအဖွဲ့က ပြောကြားခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်၊ အော်စကာ ဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အော်စကာဆုပေးပွဲမှာ “နာမည်အကျော်ကြားဆုံး ရုပ်ရှင်ဆု” ပေးမယ့် အစီအစဉ် ဝေဖန်ခံနေရ
Ref: asiaone