သရုပ်ဆောင် ကျော်ကျော်ဗိုက မြန်မာရုပ်ရှင်လောကအပေါ် ပရိသတ်များ ဝေဖန်မှုများ ရှိနေတဲ့ အကြောင်းကို ဗီဒီယို အတို ရိုက်ကာ သူရဲ့ Facebook အကောင့်မှာ တင်ခဲ့ပါတယ်။ ဗီဒီယို နာမည်ကတော့ “ကျနော်ရှက်လို့”လို့ နာမည်ပေးထားပြီး အဲဒီဇာတ်လမ်းကို ပရိသတ်အတွက် ပြောချင်တာနဲ့ ရိုက်ဖြစ်သွားတယ်လို့ ကျော်ကျော်ဗိုက ဧရာဝတီကို ပြောပါတယ်။
“ကျနော် ဒီအကြောင်းအရာတွေကို ကျနော့် Page ကနေ live လွှင့်ပြီး ကြေညာလိုက်လည်း ရတယ်။ ကျနော့်စိတ်ထဲမှာ ကျနေ်ာ့အနုပညာအတွက် ခံစားနေရတဲ့ ခံစားမှုတွေပေါ့။ အနုပညာနဲ့ ပတ်သက်ပြီး အားငယ်နေမှုတွေကို ပရိသတ်ကို ပြောချင်တာနဲ့ ရိုက်ဖြစ်သွားတာပါ။ အနုပညာသမားဖြစ်နေတော့ အနုပညာဆန်ဆန် ရုပ်ရှင်အတိုလေး ရိုက်လိုက်တာပါ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
“အပြင်မှာလည်း တချို့ပရိသတ်တွေက ပြောတာ ရှိတာပေါ့။ ရိုက်ထားတဲ့ ဗီဒီယိုထဲကလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ နယ်တွေသွားရင်တော့ အပြုသဘော ဝေဖန်ကြတာတွေတော့ ရှိတာပေါ့။ ကျနော် စိတ်ခံစားမှု့ဖြစ်နေချိန်မှာ everything is Samuel L.Jackson’s Fault ရိုက်ထားတာကို တွေ့တယ်။ သူဆီက reference (ကိုးကား၊ မှီငြမ်း) ယူလိုက်တာပေါ့” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။
ဆက်လက်ပြီး “ဘာကွာလဲဆိုသူ့မှာ ပြန်ပြောနိုင်တဲ့ အခြေအနေ ရှိတယ်။ နင့်ကြောင့် ငါ့ကလေး မိုက်ရိုင်းတတ်လာပြီပေါ့ ပြောတော့ သူက နင်တို့ရုံထဲ မဝင်ခင်ထဲက ကြည့်ပါလားပေါ့။ ကလေး ကြည့်သင့်တဲ့ ကားလား၊ မကြည့်သင့်တဲ့ ကားလား ခွဲထားပေးပြီးသားပေါ့။ ကျနော်တို့မှာ ပြန်ပြောလို့ မရဘူး။ ကျနေ်ာတို့မှာ ကလေး မကြည့်ရဆိုတဲ့ အဆင့်သတ်မှတ်ချက် မရှိသေးတဲ့အတွက် ပြန်ပြောလို့ မရဘူး’’ လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
“ကျနော်ရှက်လို့” ဇာတ်လမ်းတို
အခုလို ဇာတ်လမ်းတို တင်လိုက်တဲ့ အပေါ် အနုပညာသမားအချင်းချင်းပဲ ဖြစ်ဖြစ် ပရိသတ်ကပဲ ဖြစ်ဖြစ် ဝေဖန်မှာကို အနုပညာသမားတယောက်ဖြစ်နေတဲ့အတွက် မကြောက်တော့ဘူးလို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။
“အနုပညာသမားဖြစ်နေကတည်းက ဝေဖန်မှာကိုတော့ မကြောက်ဘူး။ အဓိကကတော့ ကိုယ်လုပ်တဲ့ပေါ်မှာ ကိုယ်တာဝန်ယူနိုင်ဖို့ပဲ လိုတာပါ။ အကောင်း၊ အဆိုး၊ အကျိုးအကြောင်း ဒွန်တွဲနေတာဆိုတော့ ဝေဖန်မှုကတော့ရှိမှာပါပဲ။ ကျနေ်ာနောက်ပိုင်းမှာ အရမ်းကို ရင်ခုန်သော ဇာတ်ကောင်၊ရင်ခုန်သော ဇာတ်လမ်းမျိုးမှပဲ ရွေးချယ်ပြီး ရိုက်ကူးဖြစ်ပါတော့မယ်။ အရင်တုန်းကတော့ ကိုယ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ပရိသတ်ကိုကြည့်ကွာဆိုပြီး လုပ်ခဲ့တာတွေရှိတယ်။ အဲ့အတွက်လည်း စိတ်မကောင်းတာကြောင့် နောက်ပိုင်းမှာ ကျနေ်ာကြိုက်မှပဲ ပရိသတ်ကို ပြချင်တော့တယ်”
“မြန်မာ့ရုပ်ရှင်လောကကို ဘယ်လိုမျိုးမြင်မိလဲ ဆိုရင်သေသေချာချာ အလုပ်လုပ်နေကြတာချည်းပါပဲ။ စေတနာနဲ့ အလုပ်လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။ လုပ်နည်းကိုင်နည်းနဲ့ လုပ်ပုံကိုင်ပုံလေးတွေ လိုအပ်နေသေးတယ်လို့ပဲ ကျနေ်ာမြင်ပါတယ်။ အကုန်လုံးကတော့ ရုပ်ရှင်လောကကြီးကို ပျက်စီးရာ၊ ပျက်စီးကြောင်းဆိုပြီး လုပ်နေကြတာတော့ မရှိပါဘူး။ ကားတကားမှာ အနုပညာနဲ့ ရာခိုင်နှုန်းတွက်ရင် အနုပညာ ရာခိုင်နှုန်း နည်းနေသေးတာပေါ့။ အနုပညာရာခိုင်နှုန်းများလာရင်တော့ ဒီထက် ပိုကောင်းလာမှာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကျော်ကျော်ဗိုက လက်ရှိမှာတော့ ဒါရိုက်တာ ကိုပေါက်နဲ့ “Lady Boy” ဇာတ်ကား ရိုက်နေတဲ့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ကျော်ကျော်ဗို မျက်နှာ ပြောင်းလဲသွားရတဲ့ အကြောင်းအရင်း