လတ်တလောမှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ ရုပ်ရှင်လောကအပေါ်သူရဲ့ ခံစားချက်များအကြောင်း ရိုက်ကူးထားတဲ့ “ကျွန်တော်ရှက်လို့”ဆိုတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ဆုပန်ထွာက ကျော်ကျော်ဗို့အပေါ် အမြင်ကို အခုလိုပဲ ဆိုပါတယ်။
“ကြည့်ပြီးပြီ။ သူလှတယ်လေ။ သူချောတယ်လေ။ သူ့ရဲ့ ရှက်လို့ ဆိုတာလေးကို ကြည့်လိုက်တယ်။ ဒါသူ့ခံစားချက်လေ၊ သူ့စိတ်ထဲရှိတာလေးကို သူအနုပညာအရ ချပြတာပေါ့။ ကျမကတော့ ကြည့်လို့ကောင်းတယ်လို့ မြင်တယ်။ ခုနက ပြောသလိုပေါ့။ သူလည်း လှတယ်လေနော်”လို့ ဆုပန်ထွာက ဆိုပါတယ်။
မြန်မာရုပ်ရှင် ဟာသကားများနဲ့ ပတ်သက်ပြီးလည်း ဆုပန်ထွာက သူရဲ့ အမြင်ကို အခုလိုပဲ ပြောပါတယ်။
“မြန်မာကားတွေ ဟာသကားတွေ ရိုက်ရတဲ့သူဆိုတာကလည်း သူတို့ခေါ်လို့ ရိုက်ကြရတာလေ။ အဲဒီလိုဆိုရင် ဟာသကားတွေ ကိုယ့်ကိုယ်ဆို ဘယ်သူမှ ခေါ်မရိုက်ဘူးလေ။ သူတို့ ရိုက်လို့ရလို့၊ ရိုက်ခွင့် ရလို့သာ သူတို့ရိုက်ရတာလေ။ ဒါသူတို့အတွက် အလုပ်တခုပဲ။ အလုပ်တွေဆက်နေတယ် ဆိုကတည်းက သူတို့တော်လို့ပေါ့”လို့ ဆုပန်ထွာက ပြောပါတယ်။
“လုပ်ခွင့်ရလို့သာ လုပ်ကြရတာ။ ကျမဆိုရင် ရုပ်ရှင်ကားကြီး အများကြီးရိုက်ရတာ မရှိဘူး။ ကျမတို့ အရွယ်ဆိုတာက Tempo ကျနေတဲ့အရွယ်။ ဒီတော့ ရိုက်ရတဲ့အရွယ်မှာ ရှိတဲ့အလုပ်မှန်သမျှ ဘယ်သူမဆို တွန်းထိုးပြီးလုပ်ကြရမှာပဲ။ အလုပ်ကိုတန်ဖိုးထားတဲ့သူတိုင်း ဒီလိုပဲလုပ်မှာပဲ။ ကျမကတော့ အားပေးတယ်။ လုပ်ရမယ်”လို့ ဆုပန်ထွာက ဧရာဝတီကို ပြောပါတယ်။
ဆုပန်ထွာက ဇာတ်လမ်းတွေ ကမ်းလှမ်းလာတဲ့အခါ ဇာတ်လမ်းတိုင်း အကုန်လက်မခံဖြစ်ဘဲ မိမိ သရုပ်ဆောင်ရမယ့် နေရာ၊ ဇာတ်ကောင်ကြည့်ပြီးမှ လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပြီး လက်ရှိမှာ “မနေ့ကဖြစ်သည်”ရုပ်သံ ဇာတ်လမ်းတွဲမှာလည်း ထူးခြားတဲ့ ဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“အဲဒီ ဇာတ်လမ်းတွဲမှာက ကျမနေရာ အရမ်းကောင်းတယ်။ သူဌေးမကြီးပေါ့နော်။ လှတယ်။ အတ္တကြီးတယ်။ မာနကြီးတယ်။ သရုပ်ဆောင်တဲ့နေရာမှာ မပန်တို့ သရုပ်ဆောင်နေကျလိုမျိုး မဟုတ်ဘဲနဲ့ ခပ်ထက်ထက်၊ ခပ်ဟော့ဟော့နေရာမျိုးဆိုတော့ ကျမ အဝတ်အစားတွေ သတိထားပြီးတော့ ဝတ်ဖြစ်တယ်။ အဲဒီကားအတွက်ကို သီးသန့် ဘန်ကောက်မှာ နှစ်ခါပေါ့ သွားဝယ်ဝတ်ပြီးတော့ ရိုက်ဖြစ်တယ်။ မနေ့ကဖြစ်သည် ၂ ကရိုက်ရတာ အရမ်းစိတ်ချမ်းသာဖို့ကောင်းတယ်။ ရိုက်ရက်လေးတွေ ညှိပေးတယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
သရုပ်ဆောင် ဆုပန်ထွာက လတ်တလောမှာလည်း ဥပဒေဇာတ်ကားဖြစ်တဲ့ “နေရယ် ၊ လရယ် ၊ အမှန်တရားရယ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “ပိုက်ဆံပေးတိုင်းလည်း ဥပဒေနဲ့ အမှန်တရားကို ကျော်လို့ မရဘူး”
“ကျနော်ရှက်လို့” ဇာတ်လမ်းတိုကို ပရိသတ်အတွက် ရိုက်ကူးခဲ့တဲ့ ကျော်ကျော်ဗို