ယခုနောက်ပိုင်းများမှာ ဇာတ်လမ်းရွေးချယ်မှုများလာပြီး ကားရိုက်တွေနည်းလာတာကို တွေ့လာရတဲ့ သရုပ်ဆောင် အောင်ရဲလင်းက သူကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းတွေကို ရိုက်ဖို့အားသန်တဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။
“အဓိကကတော့ ကျနော်ကိုယ်တိုင်ရင်ခုန်တဲ့ ဇာတ်လမ်းကို ရိုက်ဖို့အားသန်တယ်။ ရိုက်နေရတာတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ရိုက်တဲ့ကာရိုက်တာကို ကိုယ်ကြိုက်ဖို့လိုပါတယ်။ ကိုယ်တိုင်ကြိုက်တဲ့ကာရိုက်တာကို ပြင်ဆင်ပြီး ရိုက်ရတာ အရမ်းကျေနပ်မိတယ်။ ကျနော်ထင်တယ်။ ဒါတွေက ရေရှည်မှာစကားပြောမှာပါ” လို့ အောင်ရဲလင်းက ပြောပါတယ်။
မကြာခင်မှာလည်း တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ စာရေးဆရာဖေမြင့်ရဲ့ “ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ” ကို ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးမယ့် “တခါက ဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ကွန်မြူနစ် တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
“ကာရိုက်တာကတော့ ကွန်မြူနစ်စနစ်လွှမ်းမိုးနေတဲ့ လူတယောက်အဖြစ် သရုပ်ဆောင်ထားတာပေါ့။ ကွန်မြူနစ်တွေရဲ့ အဓိကအခြေခံစိတ်ရင်းက ညီအစ်ကိုမောင်နှမဆိုတဲ့ စိတ်မရှိဘူး။ မိဘဆိုတာလည်းမရှိဘူး။ ကိုးကွယ်ရာ ဘာသာတရားလည်းမရှိဘူး။ ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာပဲ။ အဲဒီလိုမျိုး ကာရိုက်တာဖြစ်အောင် သရုပ်ဆောင် သွားမှာပါ” လို့ အောင်ရဲလင်းက ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ရမယ့် ကွန်မြူနစ်ကာရိုက်တာက သူ့ကို ဆွဲဆောင်နေတဲ့ အတွက် ရိုက်ကူး ဖြစ်တာဖြစ်ပြီး ကွန်မြူနစ်ကာရိုက်တာကို သရုပ်ဆောင်ဖို့အတွက် Pre Production ကို တလခန့် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အဓိကကတော့ ကွန်မြူနစ်ကာရိုက်တာက အဓိကဆွဲဆောင်နေတာပေါ့။ ဒီကွန်မြူနစ်ကာရိုက်တာက ကျနော် ပထမဆုံးရိုက်မှာပါ။ တခါမှမရိုက်ဖူးသေးပါဘူး။ ရိုက်တဲ့အခါမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားဖို့အတွက် ကာရိုက်တာကို ဘယ်လို Mood သွင်းရမလဲဆိုတာကို ဒါရိုက်တာနဲ့တိုင်ပင်ပါတယ်။ ကွန်မြူနစ်ကားတွေလည်း ကြည့်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။
Pre Production ပြုလုပ်ပြီးမှ ရိုက်ရတဲ့အပေါ်မှာ အောင်ရဲလင်းက အခုလိုပြောပြပါတယ်။
“တချို့ကားတွေကတော့ Pre Production လုပ်ဖို့မလိုတာတွေရှိတယ်။ တချို့ကားတွေကတော့ Pre Production လုပ်ကိုလုပ်ရမယ့်ကားတွေရှိတယ်။ ကြိုတင်ပြင်ဆင်ပြီးတော့ ရိုက်တဲ့ကားတွေ ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တဲ့ အလုပ်တွေက ဘယ်တော့မှမမှားပါဘူး။ လက်တွေ့လုပ်တဲ့အခါမှာ အကူအညီတွေပေးမှာပါ။ ရိုက်ကွင်းမှာလည်း အဆင်ပြေတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။
အဆိုပါ “တခါက ဆတ်သေချောင်း” ကိုတော့ စက်တင်ဘာလ ၂၁ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် နောင်ချို နှင့် ကချင်ပြည်နယ် ပူတာအိုတို့မှာ သွားရောက်ရိုက်ကူးတော့မှာ ဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ကတော့ အောင်ရဲလင်း ၊ မင်းဦး ၊ ရဲလေး၊ မိုးယံဇွန် ၊ ပြေဇင် ၊ အောင်ခိုင် ၊ စိုးမြတ်သူဇာ ၊ သင်ဇာဝင့်ကျော် ၊ ဆုမြတ်နိုးဦး ၊ သင်ဇာမြင့်မိုရ် ၊ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။