တရုတ် ပေါ့ပ်ဂီတလောကမှာ နာမည်အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့တခုဖြစ်တဲ့ S.H.E က အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပြောဆိုမှုတွေ ရှိနေတဲ့ကြားမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက ပရိသတ်တွေအတွက် အခမဲ့ဖျော်ဖြေပွဲ တခုကို ပြုလုပ်ခဲ့ပါတယ်။
အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Selina Jen, Hebe Tien နဲ့ Ella Chen တို့ဟာ တိုင်ပေမြို့မှာရှိတဲ့ အမျိုးသားပြဇာတ်ရုံနဲ့ ဖျော်ဖြေပွဲခန်းမမှာ ခန့်မှန်းချေ ပရိသတ် ၅ သောင်းလောက် တက်ရောက်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ နာမည်ကျော် သီချင်းတော်တော်များများကို ပြန်လည်သီဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မိခင်တဦးဖြစ်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အဖွဲ့ဝင် Chen ကတော့ “Genesis” ဆိုတဲ့ သီချင်းကို သီဆိုနေတဲ့အချိန်မှာ Strong Baby လို့ နာမည်ပြောင်ပေးထားတဲ့ သူ့ရဲ့ သားလေးကို ခေါ်လာခဲ့ပြီး ပရိသတ်ကို အံ့သြစေခဲ့ပါတယ်။
အဖွဲ့ရဲ့ ကုမ္ပဏီဖြစ်တဲ့ HIM International Music နဲ့ အဖွဲ့ဝင် Chen က စာချုပ်အသစ် ထပ်မချုပ်တော့ဘဲ ခင်ပွန်းသည် မလေးရှားစီးပွားရေးလုပ်ငန်းရှင် Alvin Lai ထူထောင်ထားတဲ့ ကုမ္ပဏီအသစ်ဆီ သွားတော့မယ်လို့ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့နှစ်မှာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Chen နဲ့သူ့ရဲ့ အဖွဲ့သူတွေဖြစ်တဲ့ Jen နဲ့ Tien တို့ဟာ ဖျော်ဖြေမှုတွေ အဖွဲ့လိုက်လုပ်ဆောင်တာ မရှိပေမယ့်လည်း တကိုယ်တော် လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တာပါ။
အခုပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ သူတို့ ၃ ယောက်အဖွဲ့ဟာ ဆက်ဆံရေး ခိုင်မာနေဆဲ ဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Chen က “ကျမတို့ ၃ ယောက်ဟာ ညီအစ်မတွေလို ရင်းနှီးကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဖျော်ဖြေပွဲဟာ S.H.E အဖွဲ့ ထူထောင်မှု ၁၇ နှစ်ပြည့်နှစ်ပတ်လည်ကို အထူးဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ သူတို့အဖွဲ့ဟာ ပထမဆုံး အယ်လ်ဘမ် “Girls’ Dorm” ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
အခုပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကိုတော့ နှစ်နာရီကြာ ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ထဲက နာမည်ကျော်သီချင်း “Not Yet Lovers” ကိုလည်း ဖျော်ဖြေခဲ့ပါတယ်။ အဖွဲ့ဝင် Chen ကတော့ စင်ကာပူ အဆိုတော် Stefanie Sun ရဲ့ Green Light နဲ့ ကနေဒါ အဆိုတော် Celine Dion ရဲ့ “My Heart Will Go On” သီချင်းတို့ိကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။
အဖွဲ့အနေနဲ့ Chen ရဲ့ ကုမ္ပဏီကနေ ထွက်ခွာမယ့် အစီအစဉ်အကြောင်း ပြောဆိုခဲ့တာမရှိဘဲ ၁၇ နှစ်ပြည့် နှစ်ပတ်လည် ဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့ပါတယ်။
Ref:asianone