အခွန်ရှောင်မှု စွပ်စွဲချက်ကြောင့် မင်းသမီး Fan Bingbing ဖမ်းဆီးထိန်းသိမ်းခံထားရ
“X-Men: Days of Future Past” ရုပ်ရှင်မင်းသမီး Fan Bingbing ဟာ သူရဲ့မွေးရပ် တရုတ်နိုင်ငံမှာ အခွန်ရှောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီ ဖြစ်တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၃၆ နှစ်အရွယ် မင်းသမီး Fan နဲ့ သူ့ချစ်သူ မင်းသား Li Chen တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကစလို့ လူမြင်ကွင်းမှာ မတွေ့ရတော့တဲ့အတွက် သူတို့နှစ်ဦးရဲ့အကြောင်း ပရိသတ်တွေက အထူး စိုးရိမ်နေခဲ့ကြတာပါ။ မင်းသမီး Fan ကလည်း မကြာသေးခင် လတွေအတွင်း ဆိုရှယ်မီဒီယာတွေပေါ်ကနေ ပျောက်ချင်းမလှ ပျောက်နေခဲ့တာပါ။
BBC သတင်းရဲ့အဆိုအရ တရုတ်နိုင်ငံရဲ့ နာမည်အကျော်ကြားဆုံးနဲ့ အနုပညာကြေးအများဆုံး မင်းသမီး တဦးဖြစ်တဲ့ Fan ကို အခွန်ရှောင်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့အကြောင်း တရုတ် အာဏာပိုင်တွေက ထုတ်ဖော် ပြောကြားခဲ့ချိန်ကစလို့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာပါ။
ယခုနှစ် နွေရာသီကာလ အစောပိုင်းမှာတော့ မင်းသမီးဟာ အခွန်ရှောင်ဖို့ စာချုပ်နှစ်ခုကို တခုတည်းနဲ့ ပူးပေါင်းဖော်ပြတဲ့ နည်းကို သုံးခဲ့တဲ့အကြောင်း တရုတ်အာဏာပိုင်တွေ သံသယရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
တရုတ်နိုင်ငံပိုင်သတင်းစာတစောင်ဖြစ်တဲ့ Securities Daily ကတော့ မင်းသမီး Fan ဟာ ထိန်းချုပ်ခံထားရပြီး တရားရေးအရ ဆုံးဖြတ်ချက်ကို လက်ခံရမှာဖြစ်တဲ့အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကို တင်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ အဲဒီဆောင်းပါးကို ပြန်လည် ဖြုတ်ချခဲ့ပါတယ်။
တချို့သတင်းတွေမှာတော့ အခုလိုမျိုး စာချုပ်အခွန်ရှောင်ကိစ္စရပ်ဟာ အမှုရဲ့ ထိပ်ဆုံးခေါင်းစဉ်သာ ဖြစ်ပြီး မင်းသမီးဟာ တရားမဝင် ငွေချေးမှုနဲ့ အခြား အကျင့်ပျက်ခြစားမှုတို့မှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိခံထားရတယ်လို့လည်း ဆိုပါတယ်။ အဆိုးဆုံးအနေနဲ့ မင်းသမီးဟာ တရားရေးအရ ပြစ်ဒဏ်ပေးမှုကို ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် တိုက်ဆိုင်စွာနဲ့ပဲ မင်းသမီးဟာ အစိုးရက ငွေကြေးထောက်ခံ ပေးထားတဲ့ ပညာရပ်ပိုင်း ဆိုင်ရာ လေ့လာချက် အသစ်တရပ်မှာလည်း အဆင့်ကျရှုံးတဲ့ အခြေအနေနဲ့ ဖော်ပြခံထားရပါတယ်။
တရုတ်အစိုးရက ငွေကြေးထောက်ပံ့ပေးထားတဲ့ Beijing Normal တက္ကသိုလ်ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ တရုတ်ရုပ်ရှင်နဲ့ ရုပ်သံစတားတို့ရဲ့ လူမှုတာဝန်ယူမှု အစီရင်ခံစာမှာတော့ မင်းသမီးကို လူမှုဘဝဆိုင်ရာ တာဝန်ယူမှု မရှိတဲ့ သုည ရာခိုင်နှုန်း အဆင့်သတ်မှတ်ချက်နဲ့ ဖော်ပြခံထားရတာကို တွေ့ရပါတယ်။
မင်းသမီး Fan ဟာ မကြာမီရုံတင်တော့မယ့် သည်းထိတ်ရင်ဖို အမျိုးသမီးစပိုင်ရုပ်ရှင် “355” မှာ ပါဝင် သရုပ်ဆောင်ထားပေမယ့် အခုလိုမျိုး အခြေအနေတွေကြောင်း ရုပ်ရှင် ရိုက်ကူးခွင့် ရှိ၊ မရှိကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
အမေရိကန်မှာ ခိုလှုံခွင့်တောင်းဖို့ Fan Bingbing ကို ဂျက်ကီချန်း အကြံပေးခဲ့ခြင်း မဟုတ်ဟုဆို
အခွန်ရှောင် အရှုပ်တော်ပုံကြားမှာ ပျောက်ချင်းမလှ ပျောက်နေတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း
အခွန်ရှောင်ခြင်း ရှိ၊ မရှိ စစ်ဆေးခံရမယ့် တရုတ်မင်းသမီး Fan Bingbing
Ref: etcanada