ယနေ့ခေတ်မှာ ဗီဒီယိုဈေးကွက် လျော့နည်းလာပြီး တီဗီ ရုပ်သံလိုင်းတွေကနေ ရုပ်သံ ဇာတ်လမ်းတွဲတွေ လွှင့်တာဟာ မူပိုင်ခွင့်အရ ပိုပြီး လုံခြုံမှု ရှိတယ်လို့ ဝါရင့် သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ဧရာဝတီကို ပြောပါတယ်။
“ဗီဒီယိုဈေးကွက် လျော့နည်းပြီး ဇာတ်လမ်းတွဲတွေကို တီဗီကနေလွှင့်တာဟာ ပိုပြီးတော့ လုံခြုံမှုရှိတယ်။ မူပိုင်ခွင့်အရလည်း လုံခြုံတယ်။ တီဗီဇာတ်လမ်းတွဲကတော့ စီးရီးအလိုက် လုပ်ရတာကိုး။ ဗီဒီယိုကတော့ ၂ နာရီစာလောက်ပဲ ရိုက်ရတာလေ။ ဗီဒီယိုတွေ၊ တီဗီတွေ ဆိုတာ Format သာ ဖြစ်တယ်။ တကယ်တမ်းကျတော့ ကျမတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြနေတာပါ။ အနုပညာဆန်ဆန် ဖန်တီးမှုရှိတဲ့၊ တန်ဖိုးရှိတဲ့ ဇာတ်လမ်းတွေကိုသာ ပြောပြနိုင်ဖို့ ဖြစ်ပါတယ်”လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
“ဖြန့်ချိတဲ့ စနစ်ကတော့ အစောကတည်းက ဖြန့်ချိရေးမှာ လုံခြုံစိတ်ချရမှုတို့၊ မူပိုင်ခွင့်၊ အကာအကွယ်တို့ဆိုတဲ့ ဥပဒေတွေလည်း ရှိဖို့လိုပါတယ်။ ကျမကတော့ ဗီဒီယိုဟာ သေသွားတဲ့ ကျားတကောင်လို့ပဲ မြင်ပါတယ်။ ကျားသေကို အသက်ပြန်သွင်းဖို့ အားစိုက်နေတဲ့ အချိန်မှာ ကောင်းကင်ပေါ်ကနေ လာတဲ့ အခွင့်အရေးတွေကို လက်လွှတ်သွားမှာကိုတော့ စိုးရိမ်တယ်” လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
မြန်မာနိုင်ငံက မင်းသား၊ မင်းသမီးတွေဟာ ဇာတ်လမ်းကို ကြည့်ပြီးမှ ဈေးဖြတ်ပြီး Star Power နဲ့ အနုပညာကြေးကို ရောင်းတယ်။ တကယ်တမ်းတော့ ဒါဟာ အဲဒီလိုမဖြစ်သင့်ပါဘူးလို့ ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။
“ပြည်သူလူထုရဲ့ Star Power ကို ကြည့်ပြီးရောင်းတဲ့ သဘောမျိုး ရှိတယ်။ ကျမတို့ဆီက မင်းသား၊ မင်းသမီးကိုကြည့်ပြီးမှ ဈေးဖြတ်ပြီး Star Power နဲ့ရောင်းတာ တကယ်တမ်းတော့ အဲ့လို မဖြစ်သင့်ပါဘူး။ ဥရောပတိုက်မှာ ဆိုရင် ပြောပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပဲ ကြည့်ပါတယ်။ မင်းသား၊ မင်းသမီး Star ကို မကြည့်ပါဘူးဆိုပြီး ဈေးကွက်တခုကို ထူထောင်ခဲ့တာလေ။ ဒါကြောင့်လည်း အကြာကြီးသူတို့ ထူထောင်နိုင်ခဲ့တာ။ ကျမတို့လည်း ဒါကို နားလည်ထားရပါမယ်” လို့ ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။
“အထူးသဖြင့် ကျမတို့ တိုင်းပြည်မှာရှိနေတဲ့ ရုပ်ရှင် ဖြန့်ချိသမားတွေ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ပရော်ဖက်ရှင်နယ် သင်ကြားတတ်မြောက်လာတဲ့ သူတွေ မဟုတ်ပါဘူး။ ပြည်တွင်းဈေးကွက် တခုတည်းကိုပဲ အားစိုက်ပြီးတော့ လုပ်နေရတာဖြစ်တယ်။ ပြည်ပဈေးကွက်ကို ချဲ့ဖို့အတွက်လည်း သူတို့မှာ ကန့်သတ်ချက်တွေရှိနေတာကို တွေ့နေရပါတယ်။ ဒါတွေကို ပြင်လိုက်ပါ။ ပြင်လိုက်ရင် အာဆီယံရဲ့ SDG ဆိုတဲ့ Development Gold ရှိတယ်။ အဲ့ဒီ Gold ကို ၂၀၃၀ မှာ မှီအောင် ကြိုးစားရမှာပေါ့’’ လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။
ဒေါ်ဆွေဇင်ထိုက်က “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ရုပ်သံ ဇာတ်လမ်းတွဲကို ထုတ်လုပ်သူဖြစ် တာဝန်ယူထားပြီး ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူး ပုံဖော်ထားပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲမှာ သရုပ်ဆာင် ဘုဏ်းသိုက်၊ နေယံ၊ မိုးယံဇွန်၊ ခင်ဇာခြည်ကျော်၊ ဆုပန်ထွာ၊ မေပန်းချီတို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “နေရယ်၊ လရယ်၊ အမှန်တရားရယ်” ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ ဒေါ်ဆွေဇင်ထိုက်