ဘောလိဝုဒ် မင်းသား Akshay Kumar ဆိုရင် ဘောလိဝုဒ် ပရိသတ်တွေ မသိသလောက် နည်းပါတယ်။ သူ့ရိုက်ကူးတဲ့ ဇာတ်ကားတွေက ကောင်းမွန်ပြီး အဓိပ္ပာယ်ရှိတာကြောင့် ပရိသတ် အခိုင်အမာ ရထားသူပါ။ ဒရာမာ၊ ဟာသ၊ အက်ရှင် အစရှိသဖြင့် ကာရိုက်တာမျိုးစုံမှာ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်သူပါ။ အခုလည်း သူ့ရဲ့ မြင်နေကျပုံစံ မဟုတ်တဲ့ အသွင်ကို “Kesari” ဆိုတဲ့ဇာတ်ကားမှာ တွေ့ရမှာ ဖြစ်ပါတယ်။
နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ “Kesari” ဟာ ၂၀၁၉ ခုနှစ်မှာ စောင့်ကြည့်ရမယ့် ဇာတ်ကား စာရင်းထဲမှာ ပါဝင်ပါတယ်။ မင်းသား Akshay Kumar နဲ့အတူ မင်းသမီး Parineeti Chopra တို့ အဓိက ဦးဆောင် ပါဝင်ထားပါတယ်။ ဒီဇာတ်ကား စရိုက်တယ်လု့ိ သတင်းစထွက်ကတည်းကိုက ဝေဖန်မှုတွေ များစွာ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ၁၈၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က ဖြစ်ခဲ့တဲ့ Saragarhi တိုက်ပွဲကို အခြေခံထားတယ်လို့ သိရပါတယ်။
Saragarhi ဟာ ယခု ပါကစ္စတန်နိုင်ငံနဲ့ နီးတဲ့ နယ်စပ်ရွာလေး တရွာပါ။ ဆစ်ခ်လူမျိုး အိန္ဒိယ စစ်သားတွေနဲ့ အာဖဂန်စစ်သားတွေကြား တိုက်ပွဲဖြစ်တဲ့အခါ Saragarhi ကို ကြားခံအဖြစ် သုံးပြီး သတင်းပေးပို့ရပါတယ်။ ဒီလို တိုက်ပွဲမှာ အာဖဂန် ၁ သောင်းကို ဆစ်ခ်လူမျိုး လက်ရွေးစင်စစ်သား ၂၁ ယောက်က အနိုင် တိုက်နိုင်ခဲ့ ပါတယ်။ ဒီလိုဇာတ်ကြောကို အခြေယူပြီး ဒါရိုက်တာ Anurag Singh က ပုံဖော် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ ဝေဖန်မှုတွေနဲ့အတူ ၂၀၁၉ ခုနှစ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ထုတ်လုပ်သူ Karan Johar ကိုယ်တိုင်ကလည်း သူ့ရဲ့ Instagram အကောင့်မှာ အဆိုပါ ဇာတ်ကားရဲ့ ပိုစတာကို တင်ထားပါတယ်။ Zee Studio ကနေ မတ်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကုန်ကျစရိတ်ကို ကျော်လွန်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မလားဆိုတာ အဖွဲ့သားအားလုံးက စိတ်လှုပ်ရှားနေကြပါတယ်။
မင်းသား Akshay Kumar က သူ့ရဲ့ Instagram အကောင့်မှာ အဲဒီရုပ်ရှင်ပိုစတာကို တင်ခဲ့ပြီး Saragarhi က သူရဲကောင်းများကို လေးစားစွာ ဂုဏ်ပြုလျက်ဆိုပြီး ရေးသားထားပါတယ်။
မြင်နေကျပုံမျိုး မဟုတ်ဘဲ နှုတ်ခမ်းမွေးရှည်နဲ့အတူ ဆစ်ခ်လူမျိုး စစ်သားတယောက်ရဲ့ အသွင်အပြင်က ထင်းနေပါတယ်။ Akshay ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ “Pad Man” ရုပ်ရှင်မှာလည်း ပရိသတ် အချစ်တွေ ရခဲ့သလို ၂၀၁၉ ခုနှစ်မှာကော ဘယ်လိုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။
ကဲ Akshay ရဲ့ပရိသတ်တွေကတော့ သူ့ရဲ့ဇာတ်ကားကို မျှော်နေလောက်ပြီ ထင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား Akshay Kumar
Instagram မှာ Follower သန်း ၂၀ ကျော်သွားတဲ့ ပထမဆုံး ဘောလိဝုဒ်မင်းသား
သရုပ်ဆောင်တယောက်အနေနဲ့ အကောင်းဆုံးအချိန်ကို ရောက်နေပြီလို့ဆိုတဲ့ Akshay Kumar
အမျိုးသမီးတွေ အတွက် လစဉ်သုံးပစ္စည်း ထုတ်လုပ်တဲ့စက် တီထွင်သူ “Padman”