အစီအစဉ်တခုမှာ Emma Watson နဲ့ လူမှားအခေါ်ခံခဲ့ရတဲ့ မင်းသမီး Emma Stone
အမေရိကန် ဟာသ သရုပ်ဆောင် Billy Eichner ဟာ အစီအစဉ်တခုမှာ အခုတဖန် လမ်းပေါ်ကို ထွက်လာခဲ့ပြီး အဲဒီအစီအစဉ်မှာ မင်းသမီး Emma Stone လည်း ပါဝင်လာခဲ့ပါတယ်။
“Billy on the Street” လို့ခေါ်တဲ့ အဲဒီ ဟာသအစီအစဉ်မှာတော့ တင်ဆက်သူ Eichner နဲ့အတူ နာမည် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဟာ နယူးယောက်မြို့ လမ်းမထက်က လူတွေကို ရောက်တတ်ရာရာ မေးခွန်းတွေကို မေးမြန်းခဲ့ကြပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ အစီအစဉ်ကို နောက်ဆုံး ထုတ်လွှင့်ခဲ့တာပါ။
အခုတော့ Funny or Die နဲ့ Lyft Entertainment တို့က ထုတ်လုပ်ထားတဲ့ အပိုင်းသစ် ၈ ပိုင်းနဲ့ အဲဒီအစီအစဉ် ကို တဖန်ပြန်လည် ပြသတာလည်း ဖြစ်ပါတယ်။
အော်စကာဆုရှင်မင်းသမီး Stone ဟာ အဲဒီအစီအစဉ်ရဲ့ ပထမဆုံးအပိုင်းမှာ တင်ဆက်သူ Eichner နဲ့ ပါဝင်ခဲ့တာဖြစ်ပြီး မင်းသမီးအနေနဲ့ Instagram သုံးသင့်၊ မသုံးသင့် စတဲ့ မေးခွန်းတွေ အပါအဝင် ရောက်တတ်ရာရာ မေးခွန်းတော်တော်များများကို ဖြတ်သွားဖြတ်လာ လူတွေထံ မေးမြန်းခဲ့တာပါ။
ပရိသတ်တဦးက “မင်းဆီမှာ Instagram မရှိဘူး ဟုတ်လား။ ဘာလို့မသုံးတာလဲ နောက်ဆုံး ခေတ်မီ အရာတွေနဲ့ ဘယ်လိုတွေ ထိတွေ့အသုံးပြုနေလဲ” လို့ မေးမြန်းခဲ့တာတွေ ရှိပါတယ်။ အဲဒီအစီအစဉ်ထဲမှာတော့ နယူးယောက်မြို့သားတွေက မင်းသမီးရဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ မင်းသမီး Stone ထံ တော်တော်များများ ပြောဆိုခဲ့ကြပါတယ်။
အမျိုးသားတဦးက “La La Land” ရုပ်ရှင်ကို ၅ ကြိမ် ကြည့်ရှုပြီးတဲ့အကြောင်း ပြောကြားခဲ့သလို အခြား အမျိုးသမီးတဦးကလည်း မင်းသမီး Stone ကို သည်းထိတ်ရင်ဖို ရုပ်ရှင်တွေမှာ မြင်တွေ့ချင်တဲ့ အကြောင်း ဝေမျှပြောဆိုထားပါတယ်။
အဲဒီအထဲမှာ ထူးဆန်းတဲ့ တုံ့ပြန်ပြောဆိုမှုတခုကတော့ အမျိုးသားတဦးရဲ့ ပြောဆိုမှုပဲ ဖြစ်ပါတယ်။ အဲဒီ အမျိုးသားက ဟယ်ရီပေါ်တာ ရုပ်ရှင်တွေထဲက မင်းသမီး Emma ကို သဘောကျတဲ့အကြောင်း မင်းသမီး Emma Watson နဲ့ မှားယွင်းပြီးပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသမီး Stone ကို မကြာမီ ထုတ်လွှင့် တော့မယ့် သိပ္ပံ စိတ်ကူးယဉ် ဟာသ ရုပ်သံ ဇာတ်လမ်းတွဲ “Maniac” နဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Zombieland 2” တို့မှာလည်း မြင်တွေ့ရဖို့ ရှိနေပါတယ်။
Ref: etcanada