ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်က ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Clio Barnard ရိုက်ကူးထားတဲ့ Drama ,Mystery,Thriller အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “Dark River” ရုပ်ရှင် ဖြစ်ပါတယ်။ မင်းသမီး Ruth Wilson အဓိကပါဝင် သရုပ်ဆောင်ထားပြီး Sean Bean,Mark Stanley နဲ့ အခြား သရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Alice ဟာ သိုးမွှေးရိတ်တဲ့အလုပ်ကို နေ့စားလုပ်ကိုင်နေသူဖြစ်ပြီး သူမရဲ့ အဖေဟာ ဆုံးပါးသွားခဲ့ပြီးဖြစ်လို့ သူမအနေနဲ့ မွေးရပ်ကို ပြန်သွားရဖို့ အကြောင်းဖန်လာပါတယ်။ သူမအဖေဟာ သူမ အတွက် ပိုင်ဆိုင်ခဲ့တဲ့ လယ်တွေ ထားရစ်ခဲ့တာကြောင့်လည်းဖြစ်ပြီး မောင်ဖြစ်သူ Joe က သူမ ပြန်အလာကို တယောက်တည်း စောင့်ဆိုင်းနေခဲ့ပါတယ်။
ဖခင်ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့ မောင်နှမ နှစ်ယောက်အဖို့ ကိုယ်ပိုင် ပူဆွေးသောကတွေ ကိုယ်စီ ရှိနေကြတဲ့အပြင် သူတို့ချင်း ဆက်ဆံရေးမှာလည်း အဖုအထစ်တချို့ ရှိနေခဲ့ကြပါတယ်။
Alice အတွက် လယ်လုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ ငွေကြေးနဲ့ တခြားအခက်အခဲတွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေခဲ့ပြီး သူမရဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ ဖခင်ကို ထင်ယောင်ထင်မှား မြင်နေမိတာတွေအပြင် Joe ကလည်း သူရသင့်တဲ့ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရတာကြောင့် Alice ကို အမြဲလိုလို ရန်ပြုနေပါတော့တယ်။
Alice နဲ့ သူမရဲ့ ဖခင်ကြား ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေ ၊ Alice နဲ့ Joe တို့ရဲ့ငယ်ဘဝတွေကို တလှည့် လက်ရှိ အချိန်ကိုတလှည့် ပြသနေခဲ့တဲ့ ဒါရိုက်တာ Clio Barnard ဟာ “Dark River” ကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ။
ဒီဇာတ်ကားက IMDB Rating (5.7) ရရှိထားပြီး အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ လူသားတွေရဲ့ စိတ်ကို အဓိကထား ပုံဖော်ထားတဲ့အပြင် ကျေးလက်နောက်ခံ ရှုခင်းတွေနဲ့ အလေ့အထတွေကို အသေးစိတ် ပြသထားတာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။