“The Predator” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မြောက်အမေရိကရုံဝင်ငွေ စာရင်းမှာ သရဖူဆောင်းခဲ့ တဲ့ “The Nun” ရုပ်ရှင်ကို ဒီသီတင်းပတ်မှာတော့ နံပါတ် ၁ နေရာကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။
ဒါရိုက်တာ Shane Black ရိုက်ကူးတဲ့ “The Predator” ရုပ်ရှင်ဟာ မြောက်အမေရိကမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄ ထောင်ကျော်မှာ ဒေါ်လာ ၂၄ သန်းနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီပမာဏဟာ အဲဒီရုပ်ရှင်အတွက် ရုံဝင်ငွေ ထိပ်ဆုံးကို ရောက်ရှိစေခဲ့တာဖြစ်ပေမယ့် မူရင်းရုပ်ရှင်တွေရဲ့ ပွဲဦးထွက်စံချိန်ကိုတော့ မမှီနိုင်ခဲ့ပါဘူး။
၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Predator” ရုပ်ရှင်ဟာ ဒေါ်လာ ၂၄ ဒဿမ ၇ သန်း ပွဲဦးထွက်ဝင်ငွေ ရရှိခဲ့ပါတယ်။ မြောက်အမေရိကပြင်ပ ရုံဝင်ငွေမှာတော့ ဒေါ်လာ ၃၀ ဒဿမ ၇ သန်းရရှိခဲ့ပြီး စုစုပေါင်း ရုံဝင်ငွေ ၅၄ ဒဿမ ၇ သန်းရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီပမာဏဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၈၈ သန်းကို မပြည့်မီနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်က ရုံတင်ခဲ့တဲ့ Warner Bros. ရဲ့ “The Nun” ရုပ်ရှင်ကတော့ ဒုတိယသီတင်းပတ်မှာ ဒေါ်လာ ၁၈ သန်း ရရှိပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “A Simple Favor” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၆ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။
မင်းသား Matthew McConaughey ရဲ့ “White Boy Rick” ရုပ်ရှင်နဲ့ “Crazy Rich Asians” ရုပ်ရှင်တို့က နံပါတ် ၄ နဲ့ ၅ နေရာမှာအစဉ်လိုက်ရပ်တည်နေပါတယ်။ စတုတ္ထမြောက်အဖြစ်ထွက်ရှိလာတဲ့ “The Predator” ရုပ်ရှင်မှာတော့ သရုပ်ဆောင်တွေအဖြစ် Olivia Munn, Boyd Holbrook, Trevante Rhodes, Jacob Tremblay, Keegan Michael Key နဲ့ Sterling K. Brown တို့က ပါဝင်ထားကြပါတယ်။
Anna Kendrick, Blake Lively နဲ့ Henry Golding တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ “A Simple Favor” ရုပ်ရှင်ကတော့ အမျိုးသမီးနဲ့ လူငယ်ပရိသတ်တွေကြားမှာ အထူးရေပန်းစားနေပါတယ်။
အာရှတိုက်သားသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ “Crazy Rich Asians” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ ဒဿမ ၇ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာ ရုံဝင်ငွေ ဒေါ်လာ ၁၄၉ သန်းရရှိခဲ့ပြီးဖြစ်ပါတယ်။
“Unbroken: Path to Redemption” ရုပ်ရှင်ကတော့ ဒေါ်လာ ၂ ဒဿမ ၂ သန်းနဲ့ နံပါတ် ၁၀ နေရာထဲဝင်ထားပါတယ်။