မကြာခင်က ရိုက်ကူးပြီးစီးသွားခဲ့တဲ့ “ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်များကိုတွေ့မြင်ပြီး ဝေဖန်မှုများ အမျိုးမျိုးရှိနေကြတဲ့အပေါ် အဆိုပါဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပန်းချီစိုးမိုးက ဝေဖန်ဖို့အတွက် အကြောင်းအရာတခုကို သေချာသိဖို့လိုပါတယ်လို့ ဧရာဝတီကိုပြောပါတယ်။
“ဝေဖန်တဲ့သူက ဝေဖန်ခွင့်ရှိတယ်။ သို့သော် သူတို့ကိုယ်တိုင်က ဂဃနဏလေ့လာဖို့လိုမယ်။ ဝေဖန်တာ ကောင်းပါ တယ်။ ဝေဖန်ဖို့အတွက်လေ့လာပါ။ ဒီကားတကားကို ရိုက်မယ့် ဒါရိုက်တာသည် အင်တာနက်ကနေ ဘယ်အချိန်က ဘယ်နှခုနှစ်ကနေ ဘယ်အဝတ်အစားဝတ်တယ်ဆိုတာကို လေ့လာတယ်။ ဘယ်နှခုနှစ်မှာ ဘယ်ကားစီးကြတယ် ဆိုတာကို လေ့လာတယ်။ ဝေဖန်ခြင်းက ကောင်းတယ်။ သို့သော်တိကျခိုင်မာစွာတော့ ပြောဖို့ကောင်းတယ်။ လူတယောက်ကို မလိုလားလို့ သွားပုတ်လေလွင့်ပြောတာရယ် လိုလားလို့ အကြံဉာဏ်ပေးတာရယ်ကို ရေးထားတဲ့ စာတွေကို ဖတ်လိုက်ရင်သိပါတယ်” လို့ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောပါတယ်။
တယောက်နဲ့တယောက်အကြိုက်တွေ မတူကြတဲ့အတွက် ဝေဖန်တဲ့အခါမှာ အပြုသဘောဆောင်ဖို့လိုအပ်ပြီး အနုပညာသမားတွေကို ဝေဖန်တဲ့အခါမှာလည်း အနုပညာကိုပဲကြည့်ပြီးဝေဖန်ပါလို့ ပြောပါတယ်။ ပန်းချီစိုးမိုးက သူရိုက်ကူးနေတဲ့ ကမ္မဖလ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများမှာ ပီပြင်သေသပ်မှုမရှိဘူးလို့ အခုလိုဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
“ဒီကားနဲ့ပတ်သက်လို့ ရဲရဲဝင့်ဝင့်ပြောချင်တာကတော့ အကုန် perfect ဖြစ်တယ်တော့မပြောပါဘူး။ အထိုက်အလျောက်တော့ လုပ်လို့မရတာတွေရှိပါတယ်။ ဘန်ကောက်ပုဆိုးဝယ်လို့မရတာ။ အဲဒီတော့ တိုင်းရင်းသား ပုဆိုးတွေ ဝယ်လိုက်တယ်။ ပညာရှင်တယောက်အနေနဲ့ပြောရရင ဒီကားကို စေတနာကြီးစွာနဲ့ ရိုက်ထားတယ်။ စေတနာကြီးစွာနဲ့တင်ပြထားတယ်။ အဲဒီလောက်ပဲပြောချင်ပါတယ်” လို့ ဒါရိုက်တာပန်းချီစိုးမိုးက ပြောပါတယ်။
အဆိုပါ ကမ္မဖလ ရုပ်ရှင်ကားကြီးကတော့ ဆရာတင့်တယ်ရဲ့ ဂန္တဝင်မြောက်ဝတ္ထုကို ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇင်ဝိုင်း ၊ရန်ကျော် ၊ ပြေတီဦး ၊ သူထူးစံ ၊စိုးရန်အောင် ၊ ထက်လူ ၊ မိုးဟေကို ၊ အေးမြတ်သူ ၊ စိုးပြည့်သဇင် ၊ မေပန်းချီတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
“ဒီဇာတ်ကားကို ရိုက်ရတာ ဝတ္ထုဇာတ်ညွှန်းအရလည်းခက်တယ်။ တင်ပြရတာလည်းခက်တယ်။ တော်တော် ပင်ပန်းပါတယ်။ စိတ်နဲ့ ဦးနှောက်နဲ့ ပင်ပန်းတယ်” လို့ဒါရိုက်တာပန်းချီစိုးမိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကိုတော့ ရိုက်ကူးမှုအားလုံးပြီးစီးသွားပြီဖြစ်ပြီး ဖြစ်နိုင်ပါက ဒီနှစ်ထဲမှာပြသနိုင်ရင် ပိုကောင်းမှာဖြစ်ပြီး ပရိသတ်က ကြိမ်းသေကြိုက်နှစ်သက်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။