ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့က အဆိုတော် ရွှေထူးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့မှာ ချစ်သူ ရွှေမှုံရတီကလည်းဘေးမှာ ရှိနေတဲ့အတွက် အရမ်းပျော်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အရမ်းပျော်ပါတယ်။ ကျနော့်ရဲ့ We Love တွေရော၊ ကျနော် ချစ်ရသူရော၊ ကျနော့် မိသားစုရော အားလုံး ကျနော့်ဘေးနားမှာ ရှိနေပေးကြတဲ့အတွက် ပျော်တာက အတိုင်းထက်အလွန်ပဲ”လို့ ရွှေထူးက ဧရာဝတီကို ပြောပါတယ်။
ရွှေထူးက ၈၉ မိုင်မှာရှိတဲ့ မိဘမဲ့ကလေးကျောင်းမှာ မွေးနေ့ကို Fan တွေနဲ့အတူ သွားရောက် လှုဒါန်းခဲ့ပါတယ်။
“ဒီနှစ် မွေးနေ့မှာတော့ မနက်ပိုင်းကို အလှူတွေနဲ့ ဖြတ်သန်းပါတယ်။ ညနေပိုင်းကိုတော့ ကျနော် အချိန်ပေးရမယ့်သူတွေ အားလုံးကို အချိန်ပေးပါမယ်။ အမှန်အတိုင်းပြောရရင် မွေးနေ့ဆိုရင်တော့ အသက်လည်းကြီးလာပြီဆိုတော့ အဲဒီလောက်ကြီးတော့ ရင်ထဲမှာ မရှိပါဘူး”
“ဒါပေမယ့် ဒီနှစ်ကတော့ တော်တော်များများကလည်း တက်တက်ကြွကြွနဲ့ ကျနော် အားငယ် နေမှန်းလည်း သိတော့ ကျနော့် စိတ်ကိုလည်း နားလည်ကြတယ်။ ကျနော့် ဘေးနားမှာလည်း အားပေးရင်းနဲ့ အားလုံး ရှိနေကြတော့ အရမ်း စိတ်ချမ်းသာပါတယ်ဗျ။ ပျော်လည်း ပျော်ပါတယ်။ ပြီးတော့ ကျနော်အချစ်ရဆုံး သူကလည်း ကျနော့်ကို အချိန်ပေးပါတယ်။ သူ့ရှုတင်တောင် ဖျက်ပြီးပေါ့”လို့ ရွှေထူးက ပြောပါတယ်။
ဒီနှစ်မွေးနေ့အတွက် ချစ်သူပေးတဲ့ မွေးနေ့လက်ဆောင်အကြောင်းကိုလည်း ရွှေထူးက အခုလို ဆိုပါတယ်။
“လောလောဆယ်တော့ သူပေးဖို့ ရှိပါတယ်။ ကျနော် မျှော်လင့်နေတုန်းပဲ။ သူက အရမ်း Surprise လုပ်တတ်တယ်။ ဒီတော့ ကျနော်က မျှော်လင့်နေရတာပဲ ကောင်းပါတယ်။ သူဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်တာ ပိုကောင်းပါတယ်”လို့ ရွှေထူးက ဆိုပါတယ်။
ရွှေထူးက ဒီနေ့ မွေးနေ့မှာ ချစ်သူနဲ့အတူ နာရီဆင်တူ ဝတ်ဆင်ထားပြီး ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ မွေးနေ့ အမှတ်တရအဖြစ် သီချင်းတပုဒ် တင်ဖို့ ရှိပေမယ့် အကြောင်းကြောင်းတွေကြောင့် စက်တင်ဘာလ ၂၂ ရက်နေ့ကျမှ တင်ဖြစ်တော့မယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်လုပ်နေတဲ့ ရွှေထူးကို လက်ရှိ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်သူ့ဆီက သင်ကြားဖြစ်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ချစ်သူ ရွှေမှုံရတီကို ရည်ရွယ်ပြီး ဆရာမ ရှိနေပြီပေါ့ဗျာလို့ ဆိုပါတယ်။
“ကျနော်က ဇွတ်တရွတ် လုပ်တတ်တယ်။ တဇွတ်ထိုး လုပ်တတ်တယ်။ ကျနော့်စိတ်ကို အားလုံး သိကြမှာပါ။ ကျနော့် အမှားတွေရှိလည်း ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါ။ အများကြီး ကြိုးစားပါ့မယ်။ ကျေးဇူး အများကြီးတင်ပါတယ်”လို့ ရွှေထူးက ဧရာဝတီကို ပြောပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
လက်ရှိချစ်သူကို အထင်မလွဲဖို့ ဆိုလိုက်တဲ့ ရွှေထူး
“သဲ ဘယ်လောက်အထိ ပွင့်လင်းတယ်ဆိုတာ ပရိသတ် အသိဆုံးပါပဲ”
“ရွှေမှုံရတီကို အကောင်းဖက်က မြင်ပေးကြပါ” ဆိုသူ ဇေရဲထက်