အခုလတ်တလောမှာ နာမည်ကြီးနေတဲ့“Crazy Rich Asians” ရုပ်ရှင်မင်းသား Henry Golding နဲ့ “Game of Thrones” မင်းသမီး Emilia Clarke တို့ဟာ Universal Pictures က ထုတ်လုပ်ပြီး ဒါရိုက်တာ Paul Feig ရိုက်ကူးမယ့် “Last Christmas” ဆိုတဲ့ ဟာသဇာတ်မြူးရုပ်ရှင်မှာ ပါဝင်လာမယ်လို့ သိရပါတယ်။
ရုပ်ရှင်ရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် လန်ဒန်မြို့မှာ ဇာတ်အိမ်တည်မယ့် အချစ်ဇာတ်လမ်း တပုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Feig ဟာ Jessie Henderson နဲ့အတူ သူ့ရဲ့ Feigco Entertainment ကနေ ဒီရုပ်ရှင်ကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။ BAFTA ဆုရှင်တွေ ဖြစ်တဲ့ David Livingstone နဲ့ Thompson တို့ကလည်း ထုတ်လုပ်ရေးမှူး အဖြစ်ပါဝင်ကြမှာ ဖြစ်ပါတယ်။
“Game of Thrones” ဇာတ်လမ်းတွဲမှာ Daenerys Targaryen အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Clarke ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ အဲဒီ ရုပ်သံဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season အတွက် ရိုက်ကူးမှုတွေ ပြီးစီး သွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ “Solo: A Star Wars Story” ရုပ်ရှင်မှာလည်း သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။
မင်းသား Golding ကတော့ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Crazy Rich Asians” နာမည်ကျော် ရုပ်ရှင်မှာ မင်းသမီး Constance Wu နဲ့ ပူးတွဲပါဝင်ရတဲ့ ခေါင်းဆောင်မင်းသား အဖြစ်ပါဝင်ခဲ့ပါတယ်။ အဲဒီ အချစ်ဟာသ ဇာတ်မြူး ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁၈၈ သန်းရရှိထားပြီး ဖြစ်ပါတယ်။
မလေးရှား မော်ဒယ် မင်းသား Golding ဟာ အခုသီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၁၆ သန်း ရရှိခဲ့တဲ့ “A Simple Favor” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
၂၀၀၇ ခုနှစ်ကနေစလို့ အစီအစဉ် တင်ဆက်သူအဖြစ် တောက်လျှောက်လုပ်လာခဲ့တဲ့ မင်းသားဟာ ၂၀၁၇ ခုနှစ်အရောက် မှာ “Crazy Rich Asians” အတွက် လူရွေးပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အခုလိုမျိုး နာမည်ရရှိလာတာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်မှာ အီတလီနွယ်ဖွား ထိုင်ဝမ် ရုပ်သံအစီအစဉ် တင်ဆက်သူနဲ့ ယောဂနည်းပြဆရာမ Liv Lo နဲ့ လက်ထပ်ခဲ့ပါတယ်။
Ref: variety