လူငယ် အဆိုတော်တွေထဲမှာ ကိုယ်ပိုင်အသံ၊ ဆွေးဆွေးမြည့်မြည့် သီချင်းတွေနဲ့ လူသိများတဲ့ အဆိုတော် ပိုပိုဟေသာက တကိုယ်တော် အခွေ ၂ခွေ ထွက်ရှိပြီးသော်လည်း အခုချိန်ထိ အနုပညာပိုင်းဆိုင်ရာ ပညာရပ်တွေမှာ လိုအပ်ချက်တွေ ရှိတာကြောင့် ကြိုးစားနေဆဲပါလို့ ဧရာဝတီကို ပြောပါတယ်။
“ဟေသာ့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အခွေ ၂ခွေ ထွက်ထားပေမယ့် အနုပညာပိုင်းဆိုင်ရာမှာ ပညာပိုင်းနဲ့ ပတ်သက်တာတွေ အများကြီး လိုအပ်ပါသေးတယ်။ ကြိုးစားနေတုန်းပါလို့ပဲ ပြောချင်ပါသေးတယ်” လို့ ပိုပိုဟေသာက ပြောပါတယ်။
ပိုပိုဟေသာကတော့ “ကမ္ဘာဦးရည်းစား” ၊ “ရှစ်ခွင်တိုင်း” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပြီး အဆိုပါ အခွေများထဲက သီချင်းများကို Collection ပြန်လုပ်ပြီး Music Video ရိုက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“အခု လတ်တလောမှာတော့ ကျောင်းစာကိုပဲ ဖိလုပ်နေပါတယ်။ အနုပညာအလုပ်ကတော့ ဟေသာ့အခွေ ၂ ခွေထဲက သီချင်းလေးတွေကို Collection လုပ်ပြီး Music Video ရိုက်ဖို့အတွက် တိုင်ပင်နေပါတယ်။ ဟေသာကတော့ အိုင်ဒီယာတွေ အများကြီး ရှိပါတယ်။ သီချင်းအပုဒ်တိုင်းကို စဉ်းစားထားတာလေးတွေလည်း ရှိပါတယ်။ ပရိသတ်တွေ မတွေ့ဖူးတဲ့ ပုံစံနဲ့ ထွက်လာဖို့အတွက် မျှော်လင့်ပါတယ်”လို့ ပိုပိုဟေသာက ပြောပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် အဆိုတော် ဝေလရဲ့ “Live in 360” ဆိုတဲ့ တကိုယ်တော် ဖျော်ဖြေပွဲမှာတော့ ဝေလနဲ့ တွဲဖက် သီဆိုထားတဲ့ “360” ဆိုတဲ့သီချင်းကို သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
“Orchestra နဲ့ကတော့ ဟေသာ ပထမဆုံး ဆိုရမှာပါ။ အခုချိန်ထိတော့ သီချင်း မတိုက်ရသေးတော့ ဘယ်လိုမျိုး ခံစားချက်လဲတော့ မသိသေးပါဘူး။ ဒါက တကယ့်ကို စိန်ခေါ်မှု တရပ်လို့ပဲ မြင်ပါတယ်။ ပါဝင် သီဆိုရမယ်ဆိုတော့ ဂုဏ်ယူပါတယ်။ အရမ်းဝမ်းသာနေပါတယ်။ ကိုဝေလနဲ့က ရင်းနှီးခဲ့တာ အရမ်းကြာပါပြီ။ ငယ်ငယ်လေး ကတည်းကပေါ့နော်။ ကိုဝေလ မဟုတ်ဘူး။ ဦးဝေလလို့ခေါ်တဲ့ အချိန်ကတည်းက ရင်းနှီးခဲ့တာပါ။ ကိုဝေလရဲ့ ပထမဆုံးပွဲမှာ ခမ်းခမ်းနားနားလည်း ပြုလုပ်ထားတဲ့ ဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံးလည်း စိတ်ကျေနပ်မှု ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပိုပိုဟေသာက ပြောပါတယ်။
ပိုပိုဟေသာကတော့ ယခုအခါမှာ ဂီတအလုပ်နဲ့အတူ သူမရဲ့ပညာရေးဘက်မှာလည်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ကိုရီးယားမေဂျာ နောက်ဆုံးနှစ်မှာ သင်ကြားနေပြီး ဆရာမတွေနဲ့ မိဘတွေရဲ့ ပံ့ပိုးပေးမှုကြောင့် ခက်ခဲတာမျိုးတွေ မရှိဘူးလို့ ပြောပါတယ်။
“ဟေသာက YUFL မှာ ကိုရီးယားမေဂျာနောက်ဆုံးနှစ် ကျောင်းသူတယောက်ပါ။ အနုပညာပိုင်းနဲ့ ပညာရေးပိုင်းမှာက အဓိကက အချိန်ပါပဲ။ ၂ခုလုံးက အချိန်ပေးရတဲ့အရာတွေဖြစ်နေတော့ ဟေသာ့အတွက် တခါတလေ ညှိနှိုင်းရတာ အရမ်းခက်ခဲပါတယ်။ ဆရာမတွေရော ၊ မိဘတွေရောက အကောင်းဆုံးဘေးနားကနေ ပံ့ပိုးပေးတယ်။ နားလည်း နားလည်ပေးတဲ့အတွက် ဟေသာ့အတွက် အရမ်းခက်ခဲတာမျိုးမရှိခဲ့ပါဘူး” လို့ ပိုပိုဟေသာက ပြောပါတယ်။
ပိုပိုဟေသာကိုတော့ ပရိသတ်များက “ချစ်တဲ့စိတ်” ဆိုတဲ့သီချင်းလေးနဲ့ သိခဲ့ကြပြီး တေးရေးဆရာ ဇဝါရဲ့ သမီးဖြစ်တဲ့ ပိုပိုဟေသာက ဖခင်ရဲ့အမွေကို ဆက်ခံတဲ့သမီးတယောက်လို့ ပြောလို့ရအောင် တေးသီချင်း သီဆိုရုံသာမက သူမ ကိုယ်တိုင်လည်း သီချင်းများ ရေးစပ်ဖန်တီးနေသူ တယောက် ဖြစ်ပါတယ်။