လူကြမ်းသရုပ်ဆောင်များ ပါဝင်တဲ့ “ကိုလူချော” အဖွဲ့ကို ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ သရုပ်ဆောင် အောင်ခိုင်က ဗီဒီယိုဈေးကွက် ပျက်သွားချိန် ရုပ်ရှင်ကားတွေ ရိုက်ကြရပေမယ့် ဟာသကားတွေ အရိုက်များနေတာကြောင့် ထိုးမယ့်၊ ကြိတ်မယ့် ဇာတ်ဝင်ခန်းတွေ လျော့သွားတဲ့အတွက် လူကြမ်း သရုပ်ဆောင်တွေ အလိုလိုနေရင်း အလုပ်ပြုတ်သွားတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ကိုလူချောအဖွဲ့ကတော့ ရုပ်ရှင်လောကမှာ အနိမ့်ဆုံးလို့ သတ်မှတ်ထားတဲ့ သရုပ်ဆောင်တွေပါ။ လူကြမ်းဆိုတာ လူပါပဲ။ ဇာတ်လမ်းထဲမှာ ကြမ်းတာပါ။ စိတ်မကြမ်းတဲ့ သူတွေပါ”
“နိုင်ငံမှာ သဘာဝဘေးအန္တရာယ် ကြုံလာပြီဆိုတာနဲ့ ဖြစ်တဲ့နေရာကို ရောက်အောင် သွားတယ်။ ကျနော်တို့ မတတ်နိုင်ဘူး။ လမ်းလျှောက်ပြီးတော့ အလှူခံတယ်။ ဈေးတွေထဲမှာ ခွက်ဆွဲပြီးတော့ အလှူခံတယ်။ ပြီးရင် တပြား တကျပ်မှ မချန်ဘဲ ကိုလူချောအဖွဲ့က ပွင့်လင်းမြင်သာစွာ သွားလှူပါတယ်။ ဒါကိုလည်း ပရိသတ်တွေက လူကြမ်းဆိုတာလည်း သရုပ်ဆောင်တွေပဲလို့ နားလည်ပေးကြရင် ကျနော်တို့ ကျေနပ်ပါတယ်၊ ပီတိဖြစ်ပါတယ်” လို့ အောင်ခိုင်က ပြောပါတယ်။
“ဗီဒီယိုဈေးကွက် ပျက်သွားချိန် ရုပ်ရှင်ကားတွေ ရိုက်ကြတယ်။ ပရိသတ်ရဲ့ လိုအပ်ချက်အရ ပရိသတ်ရဲ့ ဆန္ဒအရ ဟာသကားတွေ ရိုက်တယ်။ ဟာသကားတွေ ရိုက်တော့ ထိုးမယ့်၊ ကြိတ်မယ့် အခန်းတွေ လျော့သွားတဲ့အတွက် ကျနေ်ာတို့လူကြမ်းဆိုတဲ့ သရုပ်ဆောင်တွေ အလိုလိုနေရင်း အလုပ်ပြုတ်သွားတယ်။ မိသားစု စားဝတ်နေရေး မရှိတော့ဘူး။ လူကြမ်းသရုပ်ဆောင်တွေလည်းရတဲ့ အလုပ်လေးတွေ လုပ်ကြရတယ်” လို့ အောင်ခိုင်က လူကြမ်းသရုပ်ဆောင်တွေရဲ့ ရပ်တည်မှုကို ပြောပါတယ်။
“နယ်တွေမှာလည်း Hand speaker လေးတွေနဲ့ နယ်တွေမှာ လိုက်လျှောက်ရောင်းနေရတယ်။ တချို့ဆိုလည်း ဆိုင်ကယ် Taxi ဆွဲကြတယ်။ အဲ့လိုနဲ့ သူတို့တွေ အလုပ်လုပ်နေကြတယ်။ ဒါက ဘယ်သူ့ ဘယ်သူကိုမှပြောလို့ မရပါဘူး။ အနေအထားတခုအရ ခေတ်ကာလအခြေအရ ပရိသတ်ရဲ့ လိုအပ်ချက်အရ ရုပ်ရှင်က ဟာသတွေ ရိုက်နေရတဲ့အတွက် လူကြမ်းတွေ အလိုလို အလုပ်ပြုတ်နေရတာပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး”လို့လည်း အောင်ခိုင်က ဆိုပါတယ်။
ဝါရင့်သရုပ်ဆောင် အောင်ခိုင်ကတော့ ဇနီးဖြစ်သူ သရုပ်ဆောင် ဝါဝါအောင်နဲ့အတူ အနုပညာ လမ်းကြောင်းကို အတူလျှောက်လှမ်းရာမှာ နှစ်ယောက်သား ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြော၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး အဲဒါက အိမ်ထောင်ရေး ရေရှည်တည်မြဲနေရတဲ့ အကြောင်းအရင်းလို့ အောင်ခိုင်က ပြောပါတယ်။
“အိမ်ထောင်ရေးတခုမှာ နားလည်မှုပါပဲ။ အဲ့အိမ်ထောင်သည် နှစ်ယောက်က သူက ဟိုအကြောင်း ရှိလို့၊ သူက ဒီအကြောင်းရှိလို့ ဆိုပြီး နောက်ကြောင်းတွေ လှန်နေကြရင်တော့ အဲ့အိမ်ထောင်ရေး ဘယ်တော့မှ ရေရှည်မှာ မဟုတ်ပါဘူး။ အဲ့တော့ အတိတ်ကို အတိတ်မှာထား၊ ပစ္စုပ္ပန် တည့်တည့်လျှောက် တယောက်နဲ့ တယောက် နားလည်မှုလုပ်၊ ကိုယ်ထိလက်ရောက် မကျူးလွန်နဲ့။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြော၊ ပွင့်ပွင့်လင်းလင်းတိုင်ပင်ရင်တော့ အားလုံးအဆင်ပြေပြေနဲ့ အိမ်ထောင်သက် ရှည်ပါလိမ့်မယ်” လို့ အောင်ခိုင်က အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အကြံပြုပြောပါတယ်။
“အခုဆိုရင် ကျနော်တို့ အိမ်ထောင်သက် ၁၃ နှစ် ပြည့်ပါပြီ။ ကျနော်က အန်တီဝါကို သီးခြား အချိန်ပေးရတာ မရှိပါဘူး။ သူက အကုန်လုံးကို နားလည်နေတဲ့ အိမ်ထောင်ရှင်မတယောက်ပါ။ ကျနော်က ကားရိုက် မရှိလို့ နားနေရင် ရုပ်ရှင်အစည်းအရုံး အလုပ်တွေ လုပ်ပါတယ်။ ကိုလူချောအဖွဲ့နဲ့ ပရဟိတတွေ လုပ်နေတာကြောင့် အန်တီဝါကိုတောင် အချိန်မပေးနိုင်ပါဘူး”လို့ အောင်ခိုင်က ဆိုပါတယ်။
သရုပ်ဆောင် အောင်ခိုင်ဟာ လက်ရှိမှာ ဇာတ်ကားများကို လက်ခံရိုက်ကူးနေပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အဖွဲ့ဝင်တယောက် ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုကြောင့် အကယ်ဒမီ အောင်ခိုင်ဆိုတဲ့ နာမည်တလုံး ရရှိခဲ့သလို ကိုလူချောအဖွဲနဲ့လည်း ပရဟိတ လုပ်ငန်းများကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်”
ဗီဒီယိုဈေးကွက် လျော့နည်းသွားတာကြောင့် စိတ်ဓာတ်ကျနေတဲ့ မေပန်းချီ
“လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ” လို့ ဆိုလိုက်တဲ့ ဗေလုဝ
“ခိုးကူးခွေတွေကြောင့် ဗီဒီယိုလောက လျော့နည်းလာတာပါ”
“လက်ရှိမှာ ဗီဒီယိုဈေးကွက်က မရှိသလောက် ပျက်သုဉ်း သွားပါပြီ”