ဟာသ သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ဟာ လိုက်ဖက်ညီတဲ့ သရုပ်ဆောင်အတွဲ ဖြစ်ပြီး အပြင်မှာလည်း အရမ်း ခင်ကြတဲ့ သူငယ်ချင်းအရင်းတွေ ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ သံယောဇဉ်ကတော့ နှစ်ပေါင်း ၃၀ ကျော်ပြီလို့ သိရပါတယ်။
နှစ်အတော်ကြာ လက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် တယောက်အကြောင်း တယောက်ကိုလည်း အခုလိုပဲ မီဒီယာတွေကို ပြောပြလာပါတယ်။
“ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေပါ။ အနည်းဆုံးတော့ နှစ်ပေါင်း ၃၀ အထက်မှာ ရှိတယ်။ ကိုခင်လှိုင်က ကျနော့်ထက် ၇ နှစ်ကြီးတယ်။ ဒါပေမယ့် ငယ်ငယ်လေးကတည်းက သူငယ်ချင်းလိုပဲ နှုတ်ကျိုးနေတော့ သူငယ်ချင်း နှစ်ယောက်ကတော့ အဲဒီလိုပဲ စင်ပေါ်စတက်တာနဲ့ သူပြက်လုံး တိုက်မထားဘဲနဲ့ကို အပေးအယူ မျှတယ်။ သူပြက်လိုက်ရင် ကိုယ်ကဘာပြောမယ် ဆိုပြီးတော့ကို မတိုင်ပင်ထားဘဲကို အပေးအယူမျှနေတာ။ ကျနော်တို့က အနုပညာသမားတွေ ဖြစ်တဲ့အတွက် အရမ်းဆိုးသွမ်းတာ မရှိပါဘူး” လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ သူငယ်ချင်းဖြစ်သူ ခင်လှိုင်ရဲ့ အကြောင်းတွေ ပြောပြပြီးတဲ့နောက်မှာတော့ ဒိန်းဒေါင်ရဲ့စိတ်နေ စိတ်ထားကိုလည်း ခင်လှိုင်က ဆက်လက် ပြောပြခဲ့ပါတယ်။ လက်ရှိမှာလည်း ဒိန်းဒေါင်ကိုယ်တိုင် ဘုရားတည်နေတာဖြစ်တဲ့အတွက် ဒီအလှူမှာလည်း ခင်လှိုင်က ပါဝင်နေတယ်လို့ ဆိုပါတယ်။
“သူက တော်ပါတယ်၊ စိတ်နေစိတ်ထား၊ အလှူဒါန၊ အလှူအတန်းတွေ ဝါသနာပါတယ်။ အခုလက်ရှိမှာလည်း သူ ဘုရားတည်နေတယ်။ သူတည်တဲ့ ဘုရားမှာ ရင်ပြင်တော်မှာ ကြွေပြားတွေ ကျနော် သွားလှူခဲ့တယ်။ အဘ ဘိုးမင်းခေါင်ရုပ်ထုကြီးရဲ့ နန်းဆောင်ကိုလည်း ကျနော် သွားလှူခဲ့တယ်။ ကျနော်တို့က အရင်ဘဝကလည်း ရေစက် ရှိသလို နောက်ဘဝလည်း မခွဲချင်လို့ အတူတူလှူကြတာပေါ့။ ကျနော်တို့နှစ်ယောက် မဆုံတာ တော်တော်ကြာသွားပြီ” လို့ ခင်လှိုင်က ဆိုပါတယ်။
“သူလည်း သူဟာနဲ့ သူ၊ ကိုယ်လည်း ကိုယ့်ဟာကိုယ် နှစ်ယောက်ပေါင်းပြီး ငှားဖို့လည်း မတတ်နိုင်ကြဘူးလေ။ ကျနော်တို့က တကယ် နှစ်ယောက် အတူတူကလို့ ဟာသညီနောင်ဆိုတဲ့ နာမည်ကို ကျနော်ကိုယ်တိုင်ပဲ ရွေးချယ်ပြီးပေးခဲ့တာပါ။ ဟာသညီနောင်အဖွဲ့ ကွဲသွားတယ်ဆိုတာ မဟုတ်ပါဘူး။ လာမယ့် နှစ်မှာတော့ နှစ်ယောက် ဆုံပြီး ပြန်ကမယ့်ပွဲတွေ ရှိပါတယ်” လို့ ခင်လှိုင်က ပြောပါတယ်။
သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ဟာ အနုပညာ ညီအစ်ကိုတွေ ဖြစ်ကြသလို တယောက်နဲ့ တယောက် အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ သူတို့ နှစ်ယောက်တွဲပြီး အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။
သရုပ်ဆောင် ခင်လှိုင်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသလို ဒိန်းဒေါင်ကလည်း ဘုရားတည်၊ အလှူအတန်းများပြုရင်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။