Entertainment

အမောခံနိုင်ဖို့ ဘတ်စကတ်ဘော ကစားနေတဲ့ ဖြိုးငွေစိုး

သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှုနဲ့ နေရာတနေရာ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဖြိုးငွေစိုးကတော့ အခုရက်ပိုင်းအတွင်း ဘတ်စကတ်ဘော ကစားဖြစ်နေပြီး လောလောဆယ်မှာ ဒီကိစ္စက အရေးကြီးနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဒီရက်ပိုင်း ဘတ်စကတ်ဘောကို အချိန်ပေးပြီး ကစားနေတယ်။ ဟိုတလောက စရင်းနောက်ရင်းနဲ့ ဝင်ကစား လိုက်မိတာ ရှုံးတဲ့အပြင် အရှက်တကွဲ အမောဆို့ပြီး သေမလို ဖြစ်သွားတာ။ အဲဒါကို မကျေနပ်လို့ တပတ်လောက် ပြန်ကစားမယ်လို့ လောလောဆယ်တော့ အဲဒီကိစ္စအရေးကြီးနေတယ်” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

ငယ်စဉ်ကတည်းက ဘတ်စကတ်ဘောကို ကစားတာဖြစ်ပြီး သူ့ရဲ့ဖခင်ဖြစ်သူကလည်း မြန်မာ့လက်ရွေးစင် ဘတ်စကတ်ဘောသမားတဦး ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်ကငယ်ငယ်ကတည်း ကစားပါတယ်။ အဖေက မြန်မာ့လက်ရွေးစင်။ ကျနော်လည်း ပြိုင်ပွဲတွေဘာတွေ ပြိုင်ဖူးတယ်။ အဲဒီနေ့ကတော့ ရေသွားကူးရင်းနဲ့ ငါလည်းပါမယ်ဆိုပြီး ဝင်ကစားရင်းနဲ့ ရှုံးတဲ့အပြင်ကို အမောစို့ပြီး သူတို့ကို ရယ်မောပြီး ပြန်သွားတာပေါ့။ အဲဒါကိုတင်းသွားပြီး ပြန်ကစားတာ” လို့ ဖြိုးငွေစိုးက ပြောပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ နောက်လ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ဖြိုးငွေစိုးက တခြားသော သူငယ်ချင်းများနဲ့ ပူးပေါင်းပြီး Cloud Chamber လို့ နာမည်ပေးထားပြီး ဟာသ ပရိုဂရမ်မျိုးတွေ တင်ဆက်သွားမှာလို့ သိရပါတယ်။

ဟာသ သရုပ်ဆောင် ကျော်ထူးနဲ့အတူ ဟာသဇာတ်လမ်းတွဲ တခုကို ရိုက်ကူးပြီးတော့လည်း အွန်လိုင်းကနေ တင်သွားဖို့ရှိပြီး အဆိုပါ ဇာတ်လမ်းတွဲ အတိုလေးကိုတော့ “ထို့ကြောင့် ဤအရာကို အရက်ဟုခေါ်သည်” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

ဖြိုးငွေစိုး ပါဝင်သရုပ်ဆောင်ထားတဲ့ “မှော်ကျောက်စာ” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Loading