အချိန် ၁၅ နှစ်လောက်ကြာပြီးတဲ့နောက် ကမ္ဘာကျော်အဆိုတော် Celine Dion ရဲ့ Las Vegas အခြေစိုက် ဖျော်ဖြေပွဲတွေ အဆုံးသတ်ကန့်လန်ကာချဖို့အချိန် ရောက်လာပါပြီ။
ကနေဒါနိုင်ငံသူ အဆိုတော် Celine ဟာ Caesars Palace မှာရှိတဲ့ Colosseum မှာပြုလုပ်နေတဲ့ “Celine” လို့အမည်ရတဲ့ သူ့ရဲ့ဖျော်ဖြေပွဲတွေကို အဆုံးသတ်တော့မှာဖြစ်တဲ့အကြောင်း သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။
Celine က “နောက်ဆုံးတခေါက် ပြန်လုပ်ရတာနဲ့ ပတ်သက်လို့ ကျမမှာ ခံစားချက်တွေ ရောထွေးနေပါတယ်။ Las Vegas က ကျမရဲ့ အိမ်လိုဖြစ်လာခဲ့ပြီး Caesars Palace မှာရှိတဲ့ Colosseum မှာ ဖျော်ဖြေရတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ကျမဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်” လို့ ၂၀၀၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ရေးသားခဲ့ပါတယ်။
သူက “ထူးခြားလွန်းတဲ့ အတွေ့အကြုံတခုဖြစ်ခဲ့ပြီး အခုနှစ်တွေအတွင်းမှာ ကျမတို့ကိုတွေ့ဖို့ လာခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျမအရမ်းကျေးဇူးတင်ပါတယ်။ အခုဆောင်းဦးရာသီ Colosseum မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတွေအားလုံးဟာ နောက်ဆုံးတခေါက်ဖြစ်ပြီး အရမ်းထူးခြားမယ်လို့ ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Celine ရဲ့ အခြေစိုက် ဖျော်ဖြေပွဲတွေကို ပရိုမိုးရှင်း လုပ်ပေးနေတဲ့ Concerts West/AEG Presents ကတော့ ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။
“A New Day” သီချင်းနဲ့ ဖျော်ဖြေဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ Las Vegas နဲ့ပတ်သက်လို့ အလောင်းအစား ပြုလုပ်ခဲ့ပြီး အခုတော့ အဲဒီမြို့မှာ ရှိတဲ့ ဖျော်ဖြေရေးအသွင်အပြင်ကို ပြောင်းလဲသွားစေခဲ့ကြောင်း၊ လူတော်တော်များများအတွက် သဘောမကျစရာ ရူးကြောင်ကြောင် အိုင်ဒီယာ ဖြစ်ခဲ့ပေမယ့် အခုတော့ စံနှုန်းတခု ဖြစ်ခဲ့ရတဲ့အကြောင်း၊ အခုလူတိုင်းဟာ Las Vegas မှာ အခြေစိုက် ဖျော်ဖြေချင်လာကြတဲ့အကြောင်း၊ Las Vegas ကို ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်အဖြစ် ဖန်တီးပေးခဲ့တဲ့ အတွက် Celine ကို ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
Celine ကို Caesars Palace အမွေအနှစ်အဖြစ် စွဲမြဲသတ်မှတ်သွားမှာဖြစ်ပြီး အချိန် ၁၅ နှစ်ကျော်ကြာ ဂန္တဝင်ဂီတ ပုဂ္ဂိုလ်တဦးအတွက် ထာဝရနားခိုရာ အိမ်တခုအနေနဲ့ ဂုဏ်ပြုသွားမှာပါ” လို့ Caesars Entertainment ရဲ့ စီအီးအို Mark Frissora က ပြောပါတယ်။
Celine ဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ ဖျော်ဖြေပွဲတော်တော်များများ ပြုလုပ်ဖို့ ရှိနေပါသေးတယ်။ သူ့ရဲ့နောက်ဆုံး ဖျော်ဖြေပွဲတွေကို လာမယ့်နှစ် မေလမှာ စတင်မှာဖြစ်ပြီး နောက်ဆုံး ဖျော်ဖြေပွဲကိုတော့ ဇွန်လ ၈ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Ref: etcanada