ဒီတခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ အမေရိကန် ဆယ်ကျော်သက်ဟာသကား တကားဖြစ်တဲ့ Sierra Burgess Is A Loser ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပြီး Rotten Tomatoes မှာ Rating 65% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုသူတွေရဲ့ ၈၃ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ကြတယ် လို့လည်း သိရပါတယ်။
ဒီဇာတ်ကားဟာ Sierra Burgess လို့ခေါ်တဲ့ ဝဝတုတ်တုတ် ကောင်မလေး တယောက်ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ပြထားတာဖြစ်ပြီး သာမန်ရိုက်နေကျ ဆယ်ကျော်သက်ဟာသ ဇာတ်ကားတွေနဲ့ အနည်းငယ်ကွဲပြားနေရတာကို မြင်ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးဟာ အောင်မြင်ကျော်ကြား တဲ့ မိဘတွေရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ် ခံနေရသူတဦးလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ စာရေးဆရာ မိဘနှစ်ပါး ကြောင့် ဆယ်ကျော်သက်ဘဝကို လွတ်လပ်စွာ မရရှိနိုင်ဘူးလို့ ထင်နေတဲ့ သူမဟာ အဝလွန်ခြင်းကြောင့် ကျောင်းမှာ လည်း သူငယ်ချင်းရှားပါးပြီး အနိုင်ကျင့်ခံနေရသူတဦးလည်း ဖြစ်ပါတယ်။
စာတော်တဲ့ အတွက် ဆရာမတွေရဲ့ ချစ်တာကို ခံနေရပေမယ့် သူမရဲ့ ဘဝကို သူမ သိပ်မကျေနပ်ဘူး ဖြစ်နေပါတယ်။ ကျောင်းမှာ သူမကို အနိုင်အကျင့်ဆုံးကတော့ ဗရော်နီကာလို့ ခေါ်တဲ့ ကျောင်းက နာမည်အကြီးဆုံးမိန်းကလေး ဖြစ်ပါ တယ်။
ဒါပေမယ့် အဲ့ဒီမိန်းခလေးကို ကြိုက်တဲ့ သူတွေထဲက တယောက်က ဖုန်းနံပါတ်လာတောင်းတဲ့အခါ ဗရော်နီကာက အကျင့်ပုတ်ပြီး Sierra ရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။ အဲ့ဒီအခါမှာ Sierra ကတော့ မသိဘဲ သူ့ကို ကြိုက်တဲ့ ကောင်လေးလို့ ထင်ပြီး စာတွေ ပြန်ပို့ရာက ချစ်မိသွားပါတယ်။
ကောင်လေးကလည်း Sierra မှန်း မသိဘဲ ကျောင်းက လူတိုင်းကြိုက်တဲ့ ကောင်မလေးက သူ့ကို ပြန်ကြိုက်နေတယ် ထင်ပြီး ပျော်ရွှင်နေရာကနေ ပြဿနာတွေ စပြီး ဖြစ်လာပါတော့တယ်။
ဒါကို သူတို့ ဖြေရှင်းသွားပုံတွေက ကြည့်နေကျ ဆယ်ကျော်သက်ဟာသဇာတ်ကားတွေထဲကလို မဟုတ်ဘဲ လက်တွေ့ ပိုကျပြီး စိတ်လှုပ်ရှားစရာကောင်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Sierra ရဲ့ လက်သုံးစကားကတော့ “လှပတဲ့ ကောင်မလေးတွေဟာ နှင်းဆီပန်းနဲ့ တူလို့ လူတိုင်းက သဘောကျပေမယ့် ဝတဲ့ ကောင်မလေးတွေကတော့ နေကြာပန်းတွေလိုပဲ လူကြိုက်နည်းတယ်”ဆိုတာ ပါပဲ။
အလုပ်တွေပင်ပန်းနေတဲ့သူတွေ၊ ဇာတ်ကားတွေကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်ပြီး Drama တွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ မလွတ်တမ်းကြည့်ထားသင့်တဲ့ ဇာတ်ကားဖြစ်လို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref;Sierra Buegess Is A Loser