ဟောလိဝုဒ်မင်းသား Will Smith ဟာ သူ့ရဲ့ အသက် ၅၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ Grand Canyon ချောက်ထဲ ရဟတ်ယာဉ်တစင်းပေါ်ကနေ ကြိုးနဲ့ ခုန်ချခဲ့ပါတယ်။
အခုနှစ် အစောပိုင်းမှာကတည်းက Youtube အဖွဲ့တခုဖြစ်တဲ့ Yes Theory ကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုတော့ သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးတော့ အခုလိုမျိုး သက်စွန့်ဆံဖျား လုပ်ဆောင်ချက်ကို ပြုလုပ်ခဲ့ရတာဟာလည်း Global Citizen အဖွဲ့ရဲ့ ပညာရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုကို အသိအညာပေးလုပ်ငန်းစဉ် မြှင့်တင်ရေးကို ကူညီဖို့လည်း ဖြစ်ပါတယ်။
ပြီးတော့ မင်းသား Will က သူ့ရဲ့ Youtube စာမျက်နှာကနေလည်း အခုလိုမျိုး သက်စွန့်ဆံဖျားကြိုးပမ်းချက်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီဗီဒီယိုထဲမှာတော့ “Fresh Prince of Bel-Air” ရုပ်ရှင်မင်းသား Will က ချောက်ကမ်းပါးအစွန်းတနေရာမှာရှိတဲ့ ရဟတ်ယာဉ်နဲ့အတူ ချောက်ရဲ့ အလယ်ကို စီးနင်းသွားခဲ့ပြီး မိနစ်အနည်းငယ်လောက်ကြာပြီးခဲ့တဲ့အခါ နံပါတ် ၅ ကနေ အမှတ်စဉ်ပြောင်းပြန်ရေတွက်မှုနဲ့အတူ အဲဒီရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ ချောက်ထဲ ခုန်ချခဲ့တာလည်း ဖြစ်ပါတယ်။
မြေပြင်ပေါ်မှာ ကြည့်ရှုနေကြသူတွေက အော်ဟစ်အားပေးခဲ့ကြပြီး ရဟတ်ယာဉ်ပေါ်ကနေ ကြိုးတန်းလန်းနဲ့ ဖြစ်နေတဲ့ မင်းသားကိုယ်တိုင်က လေထဲမှာ အော်ဟစ်ကြုံးဝါးနေသံကိုလည်း အတိုင်းသား ကြားခဲ့ရပါတယ်။
အဲဒီဗီဒီယိုထဲမှာတော့ သရုပ်ဆောင် Alfonso Ribeiro အပါအဝင် မင်းသားရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အနီးကပ် ရိုက်ချက်တွေလည်း ပါဝင်ပါတယ်။ သူ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာချိန်မှာလည်း သူရဲ့ စတန့်အဖွဲ့ကနေ ရဟတ်ယာဉ်နဲ့ တွယ်ချိတ်ထားတဲ့ ကြိုးကနေ ပြန်ဖြုတ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
မင်းသား Will က “ဒီထက်ပိုပြီးကြောက်ဖို့ကောင်းတာ ဘာမှမရှိတော့ပါဘူး။ ဘဝမှာကြုံခဲ့ဖူးတဲ့ ခမ်းနားမှုတွေထဲမှာ ကြောက်စရာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်အောင်မြင်မြင်ဖြစ်သွားတဲ့အခါ အဲဒါက ဘာနဲ့တူလဲ ကျနော် မသိပါဘူး။ Grand Canyon တခုလုံးကို ကျနော်ပိုင်သွားသလို ခံစားလိုက်ရပါတယ်။ အဲဒီမှာ တွဲလောင်းကြီး ဖြစ်နေပြီး ရဟတ်ယာဉ်က အဝေးကြီးမှာ ဖြစ်နေတဲ့အချိန် ဘယ်သူကမှ အဲဒီမြင်ကွင်းကို မြင်ဖူးမှာ မဟုတ်ပါဘူး”
“ကျနော်နဲ့ Grand Canyon ကို ပေါင်းစပ်လိုက်သလိုပါပဲ။ ဒီလိုမျိုးအတွေ့အကြုံကို ခံစားဖို့ ကြောက်မက်ဖွယ်ရာကို ကျော်ဖြတ်ဖို့လိုပါလိမ့်မယ်။ အရမ်းကို လှပလွန်းပါတယ်။ နောက်ထပ်လည်း ထပ်လုပ်ဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။
အဲဒီလိုခုန်ချခဲ့ပြီး နာရီပိုင်းအကြာမှာတော့ သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ တချို့မှတ်ချက်ပေးပြောဆိုသူတွေကတော့ သူ့ကို မွေးနေ့ဆုမွန်ကောင်းတောင်းစကား ဆိုခဲ့ကြသလို အအေးချမ်းဆုံး မိသားစုဆိုပြီး ချီးမွန်းပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။
Ref: foxnews