“မှော်ကျောက်စာ” ဇာတ်ကားမှာ စစ်သူကြီးတယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ထွန်းထွန်းက စစ်သူကြီးဆိုတဲ့ ကာရိုက်တာနဲ့ အံဝင်ခွင်ကျမဖြစ်ခဲ့ပေမယ့် အတတ်နိုင်ဆုံးကြိုးစားထားကြောင်း မီဒီယာတွေကိုပြောပါတယ်။
“မှော်ကျောက်စာကားက ကြာပြီ။ ကျနော် ရုပ်ရှင်တွေ မရိုက်ဘဲ နေတဲ့ အချိန်မှာ ဒီကားလေးမှာ ရိုက်ပေးဖို့ ကိုဝေမင်းမောင်က ပြောတာနဲ့ ဇာတ်လမ်းကိုဖတ်ကြည့်တော့ ကျနော်အတွက် စိန်ခေါ်မှု ဖြစ်တယ်ပေါ့။ စစ်သူကြီးဆိုတော့ ကျနော်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ကာရိုက်တာပေါ့။ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်” လို့ ထွန်းထွန်းက ပြောပါတယ်။
“ဒီကားမှာ အမှတ်တရတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲ့ကားမှာမြင်းစီးရတာ ကျနော့်အတွက် တော်တော် အဆင်မပြေဘူး။ ကြောက်ကြောက်လန့်လန့်နဲ့ ရိုက်ခဲ့ရတယ်။ ဆင်ပေါ် တက်ရတာတွေရော အမှတ်တရတွေ ဖြစ်ခဲ့တယ်။ ကျနော် ကားရိုက်တုန်းက အမြဲနောက်တယ်။ စစ်သူကြီးထဲမှာ အသေးဆုံးပဲဆိုပြီး ကျနော်တို့သိထားတာက မုတ်ဆိတ်မွှေး ပသိုင်းမွှေးတွေနဲ လူကောင်ထွားထွားကြီးပေါ့။ ဒါပေမယ့်လဲ အကောင်းဆုံးတော့ ကြိုးစားထားပြီး ကာရိုက်တာကို သရုပ်ဆောင်ခဲ့ပါတယ်” လို့ ထွန်းထွန်းက ဆိုပါတယ်။
ဒီဇာတ်ကားအမှတ်တရအနေနဲ့ အင်းဝမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကား သွားရိုက်တုန်းက အတွေ့အကြုံများကို အခုလို ဆိုပါတယ်။
“အဲ့တုန်းက မှတ်မှတ်ရရဆိုရင် အင်းဝမှာသွားရရိုက်ရတယ်။ အဲ့တုန်းက မန္တလေးမှာ ညမထွက်ရ ဆိုပြီး အမိန့် ထုတ်ထားတယ်။ ကားရိုက်ပြီးတာက မနက်၂နာရီ ၃နာရီဆိုရင် ပြန်လို့ မရသေးဘူး။ ၄နာရီ ၅နာရီမှပြန်ရတယ်။ ကြုံတဲ့နေရာမှာ မှေးပြီးအိပ်လိုက်ရတာတွေရှိတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ထွန်းထွန်းက သရုပ်ဆောင်ဘက်မှာပိုပြီး အချိန်ပေးကာ ဇာတ်ကားများရိုက်ကူးနေတာကြောင့် ဂီတနဲ့ ပတ်သက်ပြီး အလှမ်းဝေးနေဦးမှာပါလို့ ဆိုပါတယ်။
“ကျနော် “အလျှံအပယ်” ဇာတ်ကားမှာ စက်ရုံတရုံရဲ့ မန်နေဂျာနေရာက သရုပ်ဆောင်ရမှာပါ။ ကျနော့် အနေနဲ့လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပါတယ်။ ထပ်ပြီးကြိုးစားရမယ့် ကာရိုက်တာ တခုပေါ့။ ၁၁ လပိုင်းရော ၁၂ လပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
“ဂီတပိုင်းနဲ့ ပတ်သက်ပြီး သီချင်းနားထောင်တာလောက်ပဲ ရှိတယ်။ ကိုယ်သီချင်းဆိုဖို့ သီချင်း ရေးဖို့တော့ မရှိဘူး။ ဟိုတလောကတောင် မမစိမ်း သီချင်းလေးကို cover ပြန်ဆိုကျတော့ သီချင်းဆိုချင်စိတ်တောင် ပေါက်နေလို့ သူငယ်ချင်းတွေ ပြောဖြစ်ကြတယ်။ သူငယ်ချင်းတွေ တိုင်ပင်ပြီး သီချင်းပြန်ဆိုဖို့ လုပ်ချင်ပြန်တော့လည်း အချိန်တွေ ပြန်ပေးရမယ်”
“သူတို့တွေက စီးပွားရေးလုပ်နေကြတော့ ၁လ ၂လအချိန်ဖဲ့ပေးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး ဖြစ်နေတာပေါ့။ ကျနော်ကသာ ဒီလောကထဲမှာ ကျန်ခဲ့တာပေါ့။ သီချင်းကလေ အခွေထုတ် ကျတော့လည်း ပရိုကျူဆာ မရှိတဲ့ခေတ်ပေါ့နော်။ သီချင်းတွေနဲ့ ပတ်သတ်ရင် ကိုယ်တိုင်လုပ်ရမှ ကျေနပ်တဲ့သူဖြစ်တဲ့အတွက် အခုတော့ ဂီတနဲ့ ပတ်သက်ပြီး အလှမ်းဝေးနေဦးမှာပါ” လို့ ထွန်းထွန်းက ဆိုပါတယ်။