အဆိုတော်ထူးအယ်လင်းက လတ်တလောမှာ တကယ်လိုအပ်တဲ့နေရာတွေမှာ ပရဟိတအလှူတွေ ပိုပြီးလုပ်ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုက လူမှုရေးအလုပ်တွေလုပ်တာ ပိုများနေတယ်။ လူမှုရေးအလုပ်ဆိုတာက ဒီလိုပါ။ ကိုယ်ထူကိုယ်ထကျောင်း၊ မူလွန်ကျောင်းလေးတွေရှိတယ်။ အဲဒီကျောင်းလေးတွေမှာက တချို့ တကယ်လိုအပ်တဲ့နေရာတွေဆို စုတ်ပြတ်သတ်နေတာ ပဲဗျာ။ ကလေးတွေဆိုလည်း သနားစရာ။ ကျနော်တို့ကအဲဒီလိုကျောင်းလေးတွေကို ကျောင်းဆောင်တွေဆောက်ပေး၊ ပြုပြင်မွမ်းမံပေးတယ်။ အိမ်သာတွေဆောက်ပေးတယ်။ ရေစင်တွေဆောက်ပေးတယ်။ လီတာ ၁၀၀၀ဆန့်၊၂၀၀၀ဆန့်တွေပေါ့” လို့ ထူးအယ်လင်းက ဧရာဝတီကိုပြောကြားပါတယ်။
ထူးအယ်လင်းနဲ့အဖွဲ့က ကျောင်းတွေသာမက တကယ်လိုအပ်နေတဲ့မြို့နယ်တွေအတွက် ရေတွင်းရေကန်များတူးပေးခြင်း ၊မီးသဂြိုလ်စက်များဆောက်ပေးခြင်း ၊နာကူအသင်းများမှာ နိဗ္ဗာန်ကားများလှုဒါန်းခြင်းတို့်ကိုလည်း လုပ်ဆောင်နေပါတယ်။
ပရဟိတလူမှုရေးအလုပ်တွေကို ဘယ်လိုအဖွဲ့မျိုးဖွဲ့စည်းလုပ်တယ်ဆိုတာနဲ့ပတ်သက်ပြီးလည်းအခုလိုပြောပါတယ်။
“ကျနော်တို့မှာက အဖွဲ့အစည်းဆိုတာမရှိဘူး။ တံဆိပ်လည်း မကပ်ဘူး။ ကျနော်တို့က လူမှုရေးအလုပ်တွေ လုပ်တော့မယ်ဆိုရင် ဆိုင်ကယ်ချစ်သူညီအစ်ကိုတွေ ဆိုတာရှိတယ်။ ရန်ကုန်ကလည်းရှိတယ်။ မြန်မာတနိုင်ငံလုံးမှာ ဆိုင်ကယ်ချစ်တဲ့ ညီအစ်ကိုတွေရှိတယ်။ သူတို့နဲ့ပဲကျနော်တို့က ညီလေးတို့ရေ ငါတို့ ဘယ်မြို့၊ဘယ်ရွာ၊ဘယ်တိုင်း ၊ဘယ်ဒေသမှာ ချောင်ကျတဲ့နေရာတွေကို ဆိုင်ကယ်နဲ့သွားကြမယ်ပေါ့။ ကားနဲ့လည်းသွားလိုမရဘဲ ဆိုင်ကယ်နဲ့မှသွားလို့ရတာ”
“အကယ်ဒမီမြင့်မြတ်တို့ ၊ယုန်လေးတို့၊ ရွှေမြန်မာထုတ်လုပ်ရေးတို့၊ပြီးတော့ လုပ်ငန်းရှင်တချို့ကလည်း ကျနော်တို့ကို မတည်ပေးကြတယ်။ ပံ့ပိုးကြတယ်ပေါ့နော်။ ၁၀သိန်း၊၁၅သိန်း၊သိန်း၂၀ပေါ့။ ကျနော်တို့ဘက်ကလည်း ဆိုင်ကယ်ချစ်သူတွေနဲ့ ၁၀သိန်း၊သိန်း၂၀ စသဖြင့်မတည်ပြီး ကျောင်းဆောင်တွေလှုကြတာပေါ့”လို့ဆိုပါတယ်။
သီချင်းနဲ့ပရဟိတအလုပ်တွေနဲ့ပဲ ရှေ့ဆက်လျှောက်သွားမယ်လို့ ထူးအယ်လင်းက ပြောပြီး ဒါနဲ့ပတ်သက်လို့လည်း အခုလိုပြောပါတယ်။
“ကျနော်တို့ အနုပညာသမားတွေ၊ ဂီတသမားတွေမသိတဲ့ ငရဲတွေအများကြီးရှိတယ်ဗျ။ ပဟာသငရဲလို့ခေါ်တယ်။ ဗုဒ္ဓဘာသာမှာဆိုရင် လူတွေရဲ့စိတ်ကိုအမျိုးမျိုးပြောင်းလဲအောင်လုပ်တယ်။ ကြည်နူးအောင်လုပ်တယ်။ စိတ်ဆင်းရဲအောင်လုပ်တယ်။ ကိုယ့်ကိုယ်ကိုသတ်သေချင်အောင်လုပ်တယ်။ စိတ်ဆိုးအောင်လည်း လုပ်တယ်။ အဲဒါတွေက ငရဲပဲ။ စိတ်ကိုအမျိုးမျိုးဖြစ်အောင်လုပ်တဲ့အခါကျတော့ ကျနော်တို့မှာလည်း ငရဲဆိုတာရှိတယ်”
“အဲဒါက ပဟာသငရဲလို့ ကျနော်ဖတ်ဖူးတယ်။ ဒီတော့ ကျနော်တို့အောင်မြင်လေ ငရဲတံခါးကကြီးလေ၊ အဲဒီအတွက်ကို ကျနော်တို့က ကုသိုလ်ကောင်းမှုဆိုတာလေးနဲ့လည်း အမြဲတမ်းပေါင်းကူးတံတားထိုးပေးရတယ်။ အဲဒါလေးကိုလည်း အနုပညာသမားတွေကိုသိစေချင်တယ်။ကျနော်ကတော့ အဲဒီလိုပဲ ခံယူထားတယ်”လို့ ဖြေပါတယ်။
ပရဟိတအလုပ်တွေလုပ်နေရတဲ့အချိန် ရင်တွင်းခံစားမှုကိုလည်း ခုလိုပြောပါတယ်။
“ပျော်တယ်လေ။ဒါလောက်ပါပဲ။ ကျန်တာတွေမရှိပါဘူး။ ကိုယ်က ကူညီလိုက်ရတယ်လို့လည်း သဘောမထားဘူး။ လိုအပ်တဲ့နေရာလေးတွေကို ကိုယ်တွေက တဖက်တလမ်းက ကူညီဖြည့်ဆည်းပေးလိုက်ရတယ်ဆိုရင်ပဲ သူတို့ဆီကရတဲ့ ပီတိက ကျနော်တို့အတွက် အပျော်တွေပါပဲ။ ကျနော်တို့တွေအားလုံး ပျော်လို့လုပ်တာ။ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဘာကြီးဖြစ်ရပါလို၏။ ညာကြီးဖြစ်ရပါလို၏ ဆိုတာမျိုး လုံးဝမရှိဘူး”လို့ဆိုပါတယ်။
မကြာခင်ကမှ ရုံတင်သွားတဲ့ special 9 ဇာတ်ကားမှာ ယုန်လေးကြောင့် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ထူးအယ်လင်းက ကိုယ့် သရုပ်ဆောက်မှုကို ကိုယ်ပြန်ကြည့်ရတဲ့ဖီလင်နဲ့ ပတ်သက်လို့ ဒီကားကို ရဲရဲမကြည့်ရဲဘဲ ရှက်နေတယ်လို့ ဆိုပါတယ်။
“ကျနော် ရဲရဲမကြည့်ရဲဘူး။ ကျနော်ရှက်လို့။ သူများတွေကကြည့်ပြီး ဟေး၊ဟားနဲ့အော်နေကြတဲ့အချိန်မှာ ကျနော်ခေါင်း ကြီးငုံ့ထားတယ်။ ရှက်လို့။ သရုပ်ဆောင်ဆိုတာက ကျနော့မေဂျာလည်း မဟုတ်ဖူးဗျ။ အဲဒီဖက်ကို ကျနော်စိတ်မဝင်စား ပါဘူး”လို့လည်းဖြေပါတယ်။
“ထူးအယ်လင်း”လို့ဖြစ်လာစေတဲ့ ” အိန်ဂျယ်တယော”တေးစီးရီးက ၁၁လပိုင်း၊၁၉ ရက်နေ့မှာ ၁၇နှစ်ပြည့်မှာဖြစ်ပြီး အမှတ်တရအနေနဲ့ “ဥယျာဉ်မှူး” လို့အမည်ပေးထားတဲ့ solo album ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
“ကျနော် ဆိုနေကျပုံစံတွေနဲ့ သီချင်းတွေပဲများပါတယ်။ စီးရီး title ဥယျာဉ်မှူးသီချင်းက ကျနော့်သမီးကြီး ဖြုဖြူစင်စင်လင်း အတွက်ပဲ ဆိုထားတာ။ သီချင်းထဲမှာ သူ့နာမည်လည်းပါတယ်။. “ဖြူဖြူစင်စင်လင်းလိုက်တော့ကွယ်.. အပျိုတွေခေါင်းပေါ်မြှောက်ချင်လည်း ခဏနေကျရင် မင်းဘဝကအမှိုက်ဖြစ်သွားမယ်”…ဆိုတဲ့စာသားထည့်ဆိုထားတယ်”
“ ဒီသီချင်းကို ဝေလ ရေးပေးထားတာ။ ကျနော့်ညီတွေလိုပါပဲ။ ဒီကောင်တွေ ကျနော့်အကြောင်းကောင်းကောင်းသိတယ်။ ကျနော့်မျက်စိရှေ့မှာပဲ အဆိုတော်ဖြစ်သွားတဲ့ ကောင်တွေပဲ။ ဒီညီလေးက ကျနော့်အတွက် ၂၀၁၀ခုနှစ်လောက်ကတည်းက ရေးပေးထားတဲ့သီချင်း။ ကျနော်မဆိုဖြစ်ဘဲနဲ့ သိမ်းထားတာပေါ့နော်။ ကျနော်ကသီချင်းတွေစုရတာ ဝါသနာပါတယ်ဗျ။ အခုမှ ဆိုဖြစ်တီးဖြစ်တာဗျ”လို့ ထူးအယ်လင်းက ဧရာဝတီကို ဆိုပါတယ်။