Entertainment

တကိုယ်တော်တေးစီးရီးကို မအူပင်မြို့မှာ ပရိုမိုးရှင်းအရင်လုပ်ရောင်းချမယ့် ရဲနောင်

Myanmar Idol Season 2 ပြိုင်ပွဲကနေ ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော်ရဲနောင်ရဲ့ တကိုယ်တော် တေးစီးရီးဖြစ်တဲ့ ”Charli Album” မှာ အောက်တိုဘာ ၁ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

ရဲနောင်ရဲ့ တကိုယ်တော် တေးစီးရီးထဲမှာ Feacturing အနေနဲ့ ပါဝင်သီဆိုထားတဲ့ အဆိုတော်တွေ မရှိဝင်ဘဲ တခွေလုံးမှာ သူ့တယောက်တည်း သီဆိုထားတာဖြစ်လို့ အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။ တကိုယ်တော်တေးစီးရီးခွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။

“သီချင်းခွေထဲမှာ သီချင်းပုဒ်ရေ ၁၀ပုဒ်ပါပါတယ်။ CD ပဲထွက်တာပါ။ ကျနော်က ၈ပုဒ်ရေးထားတယ်။ အပြင်က တေးရေးဆရာ နှစ်ယောက်ဆီက သီချင်း၂ပုဒ် ထည့်ထားတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်က အခုမှ အနုပညာလမ်း ပေါ်လျှောက်တာဆိုတော့ မလုပ်တတ်မကိုင်တတ်နဲ့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိခဲ့ဘူး”

“ငွေရေးကြေးရေး အခက်အခဲလေးတွေလည်း ကြုံခဲ့ရတယ်။ နောက်သြင်္ကန်တုန်းက ကျနော်သွင်းထားတဲ့ သီချင်းတွေ အကုန်ပျက်ကုန်တယ်။ အစဆုံးပြန်လုပ်ခဲ့ရတယ်။ အဲ့တာတွေက ကျနော်အတွက် အခက်အခဲတွေပါပဲ။ ပရိသတ်တွေ ပေးတဲ့ အနုပညာကြေးတွေနဲ့ပဲ ပထမဆုံးမှတ်တိုင် လေးစိုင်ချင်တာကြောင့် လုပ်ဖြစ်ခဲ့တယ်” လို့ ရဲနောင်က ဆိုပါတယ်။

ဆက်လက်ပြီး ရဲနောင်က “အဲ့ဒီအတွက် ပရိသတ်တွေက အခွေဝယ်ပြီးအားပေးတာပဲဖြစ်ဖြစ် အင်တာနက်ကနေတွေ့လို့ နားထောင်တာပဲ ဖြစ်ဖြစ် ကျနော်သီချင်းတွေ နားထောင်ကြတာနဲ့တင် ကျနော့်အတွက် အမြတ်ပါပဲ။ ကျနော်အိပ်မက်က အခွေ ထွက်ချင်ခဲ့တာ။ ရှုံးတာမြတ်တာ အဓိကမဟုတ်ပါဘူး။ ခွေထဲမှာကျနော်တယောက်တည်း ဆိုထားပါတယ်။ သီချင်းလည်း မျိုးစုံထည့်ထားပါတယ်”လို့ ပြောပါတယ်။

အချိန်နှစ်နှစ်နီးပါးအချိန်ယူကြိုးစားထားတဲ့ ချာလီအခွေရဲ့ ပရိုမိုးရှင်းကို မအူပင်မြို့မှာ အရင်လုပ်သွားမယ်လို့ ရဲနောင်က ပြောပါတယ်။

“ကျနော်က အကုန်လုံးကို MTV ထွက်ချင်တယ်။ ဒါပေမယ့် ဘယ်လိုလာဦးမလဲ မသိသေးဘူး။ တပုဒ်ခြင်းကတော့ မင်းသားမဟုတ်တဲ့ ဗီလိန်ကို ရိုက်ပြီး တင်ခဲ့တယ်။ ကျန်တာတော့ ဘယ်လို လုပ်ဖြစ်ဦးမလဲ မသိသေးပါဘူး။ ကျနော့် အခွေထဲမှာတော့ “တရက်လောက်အသက်ရှင်ပါ” နဲ့ “ည” သီချင်းကို အကြိုက်ဆုံးပါပဲ”

“ကျနော် နှစ်နှစ်လောက်နီးပါးအချိန်ယူပြီး ကြိုးစားထားတယ်။ ပရိသတ်တွေ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဝေဖန်အကြံပြုပေးပါလို့ တောင်းဆိုချင်ပါတယ်။ ကျနော့်ရဲ့အခွေလေးကို မအူပင်မှာ လုပ်ဖြစ်တာက ကျနော်မွေးရပ် ဇာတိလည်း ဖြစ်တယ်။ ကျနော့်ကို ရဲနောင်ဆိုတာဖြစ်လာတာက တနိုင်ငံလုံးကအားပေးမှုအပြင့် အဓိကက မအူပင်မြို့ကလူတွေလည်း ဖြစ်လို့ ပထမဦးဆုံးပရိုမိုးရှင်းလေးကို မအူပင်မှာ လုပ်ခဲ့တာပါ” လို့ ရဲနောင်က ဆိုပါတယ်။

ရဲနောင်ကတော့ Myanmar Idol ပြိုင်ပွဲဝင်တယောက်ဖြစ်ပြီး ပရိသတ်တွေအားပေးမှု ရရှိခဲ့သူ ပြိုင်ပွဲဝင် တယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ ဖြစ်သလို သူ့ရဲ့ ဖန်တီးမှု ရသအသစ်တွေကို တင်ဆက်နိုင်အောင်လည်း ကြိုးစားနေတဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။

“ချာလီတေးစီးရီး” ကို အောက်တိုဘာလ ၁ရက်နေ့မှ BOBO Entertainment မျ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ချာလီ တေးစီးရီးရဲ့ Promotion ပွဲကို အောက်တိုဘာလ ၆ ရက်နေ့ မအူပင်မြို့မှာရှိတဲ့ တိုးရွှေဝါ ခန်းမမှာ ည ၇ နာရီကနေ ၁၀ နာရီ အထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မှာတော့ အောက်တိုဘာ ၁၄ရက်နေ့ လှည်းတန်းစင်တာတွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Loading