သရုပ်ဆောင် ပိုင်ဖြိုးသုဟာ ဒါရိုက်တာ ဏကြီးနဲ့ စေ့စပ်ကြောင်းလမ်းပြီးနောက်မှာတော့ နှစ်ယောက်သားတွဲကာ “မီ” ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ကြပါတယ်။ လက်ခံလောက်တဲ့ ဝေဖန်မှုမျိုး မဟုတ်ဘဲနဲ့ အပျော် တိုက်ခိုက်တာမျိုးဆို တတ်နိုင်သလောက် လျစ်လျူ ရှုထားလိုက်တယ်လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ပြောပါတယ်။
“အခု ‘အချစ်ဖြင့် လွမ်းစေ’ ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ ‘မီ’ ဇာတ်ကားကလည်း ရိုက်ပြီးသွားပြီး မကြာခင်မှာလည်း ရုံတင်တော့မှာဆိုတော့ စိတ်လှုပ်ရှားနေပါတယ်။ ဆရာမကြီး ကြည်အေး ပရိသတ်တွေ ပေးလာမယ့် Comment တွေကို ကြောက်လည်းကြောက်တယ်။ ရင်လည်း ခုန်တယ်။ ‘မီ’ မှာ မရိုက်ခင်က မကြောက်ခဲ့ဘူး။ အဲ့ဝတ္ထုကိုဖတ်ပြီးတဲ့အချိန်မှာ သု သရုပ်ဆောင် ကြည့်ချင်တယ်”
“ဒါပေမယ့် မရိုက်ခင် ၁ လလောက်မှာ Rehearsal တုန်းက ပုံလေးတွေတင်တော့ အွန်လိုင်းမှာ အရမ်းတွေ ပြောကြတဲ့အခါ မရိုက်တော့ဘူးလို့တောင် ဖြစ်သွားသေးတယ်။ နောက်ကျတော့ ဆရာတွေ ဝိုင်းပြောတာနဲ့ ရိုက်လိုက်တယ်။ ရိုက်နေတုန်းတော့ မကြောက်ဘူး။ အဲ့တုန်းက မီ စိတ်သွင်းပြီး ရိုက်ခဲ့တယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“အခု ပိုင်ဖြိုးသုအနေနဲ့ ပြန်ကြောက်တယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဝေဖန်မှုတွေ ရှိတယ်။ နောက်လုပ်မယ့် အလုပ်တွက်လည်း ခွန်အားဖြစ်တယ်။ လက်ခံလောက်တဲ့ ဝေဖန်မှုမျိုး မဟုတ်ဘဲနဲ့ အပျော် တိုက်ခိုက်တာမျိုးဆို သု တတ်နိုင်သလောက် လျစ်လျူရှုထားလိုက်တယ်။ ကောင်းအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုထပ်ကြိုးစားမလဲဆိုတာပဲ တွေးတော့တယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ခင်ပွန်းလောင်းဖြစ်သူ ဒါရိုက်တာ ဏကြီးကြောင့် အရူးထခွင့်ရပြီး စိတ်တူ၊ ကိုယ်တူ၊ ရူးသွပ်တဲ့သူတွေ ဖြစ်တာကြောင့် အစစအရာရာအတွက် ဒါရိုက်တာ ဏကြီးကို ကျေးဇူးတင်ပါတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။
“ကိုဏကြီးက အခုကားအတွက်လည်း အများကြီး ပင်ပန်းခံပေးနေတယ်။ သူ့ကိုလည်း ကျေးဇူး တင်ပါတယ်။ သူမရှိရင် သု အရူးထခွင့်လည်း ရှိမှာ မဟုတ်ဘူး။ စိတ်တူ၊ ကိုယ်တူ၊ ရူးသွပ်တဲ့ သူတွေဆိုတော့ အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။ ကိုဏကြီးနဲ့လည်း နောက်ထပ် ဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုတခုကို ထပ်ရိုက်ဖို့ရှိတယ်။ သေချာရင်ပြောပါ့မယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
ပိုင်ဖြိုးသုဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကကို စတင် ဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပါတယ်။ အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတဦးအဖြစ် သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်လာတဲ့ ပိုင်ဖြိုးသုက “ဘီလူးမ၊ သရဲမနှင့် မိန်းမပျို” ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ်လည်း ခန့်အပ်ခြင်းကို ခံခဲ့ရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“ကျန်းမာရေး သံတမန်ခန့်အပ်ခံရတဲ့အတွက် ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေပေးသွားမယ်”
“မီ” ဇာတ်ရုပ်အတွက် ရင်ခုန်နေတဲ့ ပိုင်ဖြိုးသု
“မီ” ကို ရိုက်ခွင့်ရတဲ့အတွက် ပိုင်ဖြိုးသုကို ကျေးဇူးတင်တဲ့ ဒါရိုက်တာ ဏကြီး