သရုပ်ဆောင် ကျော်ကျော်ဗိုဟာ ဇာတ်ကားတွေ ရွေးချယ်ရိုက်ကူးနေတာကြောင့် သမီးလေးကို ပိုပြီး အချိန်ပေးဖြစ်နေသလို သောကြာနေ့တိုင်းလည်း သမီးလေးနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သမီးက အနုပညာနဲ့ ပတ်သက်ရင် သီချင်းဆိုတာကို အရမ်းဝါသနာပါတယ်။ အနုပညာ လုပ်ငန်းတော့ အများကြီး မလုပ်ခိုင်းထားပါဘူး။ Baby Mild ကြော်ငြာတော့ ရိုက်တယ်။ သူငယ်ငယ်တည်းက ရိုက်တာလေ။ သူ့အတွက် Stress ဖြစ်မှာစိုးလို့။ အိမ်မှာ ကလေးအတွက် လုပ်တဲ့ Instrument တွေ ဝယ်ပေးထားတယ်။ သင်တော့ မသင်ပေးရသေးဘူး။ ကျောင်းပိတ်မှပဲ Piano စသင်ပေးမယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
သမီးဖြစ်သူအပေါ် သူဝါသနာပါတဲ့ အရာတွေကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာဖြစ်ပြီး မြန်မာဂီတနဲ့ ပတ်သက်ပြီးတော့လည်း Instrument (တူရိယာပစ္စည်း) တီးခတ်မှု အပိုင်းတွေကို သင်ပေးသွားမယ်လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။
“သူဝါသနာပါတဲ့အပေါ်မှာ အကောင်းဆုံးတော့ ပံ့ပိုးပေးမှာပေါ့။ မြန်မာ့ဂီတဘက်က Instrument တွေလည်း သင်ပေးမှာပါ။ အနုပညာနဲ့ ပတ်သက်ပြီး မလုပ်ခိုင်းသေးဘူး။ ပညာရေးကလည်း သူတို့ သွားနေတဲ့ Trend လေးကလည်း ကောင်းနေတော့ ကလေးကို ဇဝေဇဝါတွေ ဖြစ်သွားမှာ စိုးရိမ်တယ်။ ကလေးကို ဝိုင်းချစ်ကြတယ်ဆိုတဲ့ အပေါ်မှာလည်း ဒီအရွယ်လေးနဲ့ သာယာသွားရင် ကျန်တဲ့ ကဏ္ဍတွေမှာလည်း အားလျော့ သွားမှာစိုးလို့”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2018/10/kyawkyaw-bo-7.jpg)
ဆက်လက်ပြီး “နည်းပညာအရ တိုးတက်လာတဲ့ ခေတ်မှာ မွေးလာတဲ့ ကလေးတွေကို အများကြီးတော့ တားဆီး ပိတ်ပင်လို့တော့ မရဘူး။ ကားရိုက်မရှိရင် အချိန်ပိုပေးဖြစ်တယ်။ အခု ကားလည်း ကျနော် ရွေးရိုက်နေတော့ အချိန်ပိုပေးဖြစ်ပါတယ်။ မိသားစုနဲ့ အေးအေးဆေးဆေး ခရီးထွက်ဖြစ်ဖို့ ကြိုးစားပါဦးမယ်။ ခရီးသွားအစီအစဉ်တုန်းကတော့ ခေါ်သွားတယ်။ သူတို့ ပင်ပန်းတယ်။ သောကြာနေ့တိုင်း ရုပ်ရှင်သွားကြည့်ဖြစ်တယ်”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ကျော်ကျော်ဗိုဟာ အနုပညာလောကထဲမှာ နှစ်အတော်ကြာတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် အားပေးမှုများစွာ ရရှိထားသလို ဇာတ်သဘင် ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသားတယောက်ပါ။ နှင်းဆီအငြိမ့်အဖွဲ့နဲ့အတူ ဖျော်ဖြေရေးတွေ လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။
ခရီးသွား အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ အစီအစဉ်သစ်တခုကို Free to Air ရုပ်သံလိုင်းကနေ တင်ဆက်ပေးခဲ့သလို အွန်လိုင်းမှာလည်း သီချင်းတွေ သီဆိုနေတာ တွေ့ရပါတယ်။ ကျော်ကျော်ဗိုက လတ်တလောမှာတော့ “မနေ့ကဖြစ်သည် – ၂” ဇာတ်လမ်းတွဲမှာ ဦးသီဟ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ပရိသတ်များ သဘောကျ အားပေလျက် ရှိနေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “အစွမ်းအစ ရှိသလောက် သမီးလေးကို အမြင့်ဆုံးမှာ ထားချင်တယ်” ဆိုတဲ့ ကျော်ကျော်ဗို